အပစ်ရပ်လက်မှတ်ထိုးပြီးနောက် ရှမ်းတပ်မတော် ဌာနချုပ်တွင် ကျင်းပသည့် ရှမ်းအမျိုးသားနေ့ စည်ကား

အပစ်ရပ်လက်မှတ်ထိုးပြီးနောက် ရှမ်းတပ်မတော် ဌာနချုပ်တွင် ကျင်းပသည့် ရှမ်းအမျိုးသားနေ့ စည်ကား
ရှမ်းအမျိုးသားနေ့ စစ်ရေးပြအခမ်းအနားတစ်ခုကို ၂၀၁၃ခုနှစ်က ရှမ်းတပ်မတော် ဌာနချုပ် လွယ်တိုင်းလျန်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ-သိင်္ဂီထွန်း)

ချင်းမိုင်၊ ဖေဖော်ဝါရီ ၈ ။ ။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းတပ်မတော် (RCSS/SSA) သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ထိုးပြီး ငါးလအကြာ ပြုလုပ်သည့် ၆၉ နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားသည် ယခင်နှစ်များထက် လူထု စည်ကားခဲ့သည်ဟု သိရသည်။ 

ဖေဖော်ဝါရီ ၇ရက်တွင် ကျရောက်သည့် ရှမ်းအမျိုးသားနေ့တွင် RCSS ဌာနချုပ် လွိုင်တိုင်းလျန်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

RCSS/SSA အဖွဲ့အား မတရားအသင်းမှ ပယ်ဖျက်ခံရပြီးနောက် ဒေသခံ လူထုများကလည်း လွတ်လွတ်လပ်လပ် သွားလာနိုင်သည့်အတွက် ယခင်နှစ်ထက် လူဦးရေ တစ်ဆကျော် အခမ်းအနားသို့ တက်ရောက်ပါဝင်ခဲ့သည်ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

“ပြည်သူ လူထုတွေကလည်း ကျနော်တို့နဲ့ ဆက်ဆံရတာ စိုးရိမ်စရာ မလိုတော့တဲ့ ကျနော်တို့နဲ့ ပြည်သူလူထုကြားမှာ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆက်ဆံလို့ရတယ်။ ကျနော်တို့မဖိတ်ကြားဘဲ သူတို့ဖာသာလာတဲ့လူထုတွေ များတယ်။ ဒါကြောင့်မို့ ဒီနေ့ အမျိုးသားပွဲတော်မှာလည်း ပြည်သူလူထုတွေက လာပြီး တက်ရောက်တာ များတယ်။ ဒါက အန်စီအေရဲ့ နောက်ဆက်တွဲ အကျိုးရလဒ်လို့ ပြောလို့ ရပါတယ်”ဟု ဗိုလ်မှူးကြီး စိုင်းလက မဇ္ဈိမကို ပြောသည်။

ယခင်နှစ် ရှမ်းအမျိုးသားနေ့ အခမ်းအနားသို့ နိုင်ငံရေးပါတီများ မတက်ရောက်နိုင်သော်လည်း ယခုနှစ်တွင် ပြည်တွင်းမှ နိုင်ငံရေးပါတီများ ကျိုင်းတုံမှ အိုးစည်ပါတီဝင်များ တက်ရောက်လာသလို၊ တက်ရောက်လာသူ လူဦးရေ ၃၀၀၀ ကျော်သာ ရှိသော်လည်း ယခုနှစ်တွင်မူ တက်ရောက်လာသူ ပြည်သူလူထု ၇၀၀၀ ခန့် တက်ရောက်လာသည်ဟု သူက ပြောသည်။

ယမန်နေ့ ကျင်းပသော ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားတွင် ရှမ်းပြည်တပ်မတော် တောင်ပိုင်း ရဲဘော် အင်အား (၁၅၀၀)ခန့် စစ်ရေးပြ ဂုဏ်ပြုခဲ့ပြီး ထိုအခမ်းအနားတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(SSPP) အပါအဝင် RCSS နှင့် နီးစပ်သော မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း တက်ရောက်ခဲ့ပြီး ကျိုင်းတုံမြို့မှ ရှမ်းအိုးစည်အဖွဲ့လည်း တက်ရောက်ခဲ့သည်ဟု သူက ပြောသည်။

ဖေဖော်ဝါရီလ ၈ ရက် ညနေပိုင်းတွင် ရှမ်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဌာနချုပ် လွိုယ်တိုင်းလျန်းတွင် ရောက်ရှိနေသော ရှမ်းယဉ်ကျေးမှု အဖွဲ့အစည်းများ၊ တပ်သားများနှင့် ဥက္ကဋ္ဌ ဒုဗိုလ်ချုပ် ယွက်ဆစ် ကိုယ်တိုင်တက်ရောက်၍ မိတ်ဆုံစားပွဲ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

RCSS/SSA ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ရှမ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းနှင့် NCA ကို အခြေခံ၍ ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်ကာ နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း အခမ်းအနားတွင် ပြောဆိုခဲ့သည်ဟု သူက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA)ကို အခြေခံ၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(UPC)သို့ တက်ရောက်၍ နိုင်ငံရေးကိစ္စရပ်များအား ဆက်လက် ညှိနှိုင်းဆွေးနွေးသွားမည်ဟု ဖေဖော်ဝါရီလ ၇ ရက် ရှမ်းပြည်အမျိုးသားနေ့က RCSS က ကြေငြာချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်အမျိုးသား လူထုတစ်ရပ်လုံးအား ဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အသီးအပွင့်များ စခံစားရရှိရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီမှ ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပြီး မဟာမိတ် ညီနောင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နိုင်ငံရေးပါတီများ အားလုံးနှင့် လက်တွဲပူးပေါင်း၍ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းသော ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းများမြင့် ဖြေရှင်းသွားမည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရရှိသော အမျိုးသားဒီကရေစီအဖွဲ့ချုပ် (NLD)မှ ဖွဲ့စည်းဖြင့် အစိုးရ သစ်ကိုလည်း ကြိုဆိုကြောင်းနှင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပေါ်လစီ လုပ်ဆောင်ချက်များအပေါ် စောင့်ကြည့်လေ့လာသွားမည် ဖြစ်ပြီး အစိုးရသစ်မှ ပြည်သူထူထုတစ်ရပ်လုံး အကျိုးကို တာဝန်ယူ သယ်ပိုးဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

၁၉၇၄ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် ရှမ်းခေါင်းဆောင်ကြီးများအကြား စည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်ခဲ့သည့် နေ့၊ ရှမ်းပြည်အမျိုးအလံနှင့် သျှမ်းအမျိုးသားသီးချင်းတို့ မွေးဖွားပေးသောနေ့ဖြစ်သဖြင့် ရှမ်းပြည်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့သည်။

NCA လက်မှတ်မရေးထိုးမီ ပြီးခဲ့သည့် ၂၀၁၅ ခုနှက် အောက်တိုဘာလ ၁၂ ရက်တွင် RCSS အပါအဝင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့ကို ပြည်ထဲရေးဝန်ကြီးဌာနက မတရားအသင်းများအဖြစ်မှ ပယ်ဖျက်ပေးလိုက်သည်။ အောက်တိုဘာလ ၁၅ ရက်တွင် RCSS အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် အစိုးရတို့အကြား နေပြည်တော်တွင် NCA လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required