NCA အပြည့်အဝအောင်မြင်ရေး ထိုင်းတပ်မတော်အား ဆက်လက်ကူညီစေလို

NCA အပြည့်အဝအောင်မြင်ရေး ထိုင်းတပ်မတော်အား ဆက်လက်ကူညီစေလို
Photo - Senior General Min Aung Hlaing FB

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တွေ့ဆုံ

ဖေဖော်ဝါရီ ၄ ရက် ။             ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုဖြစ်သော တစ်နိုင်ငံလုံး အပစ်ရပ်ရေးစာချုပ် NCA အား လက်မှတ်ရေးထိုးခြင်း အဆင့် အပြည့်အဝအောင်မြင်နိုင်ရန် ကူညီစေလိုသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ပန်ကြားလိုက်သည်။

ဖေဖော်ဝါရီ ၃ ရက်နေ့ နေပြည်တော်၌ နှစ်နိုင်ငံ တပ်မတော်ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးကြစဉ် ပြောကြား ခြင်းဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ထိုင်းဘုရင့် တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်စကားပြောကြားသကဲ့သို့ NCA လက်မှတ်ရေးထိုးခြင်းများ အပြည့်အဝအောင်မြင်ရန် "ဆက်လက်ကူညီစေလိုကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံတပ်မတော်အကြား ဆက်ဆံရေး ကောင်းမွန်မှုသည်လည်း မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရာ တွင် အထောက်အကူဖြစ်သကဲ့သို့ ထာဝရငြိမ်းချမ်းရေးရရှိသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံတပ်မတော်အကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ပြီး မိမိတို့ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးပုံစံမှာ အိမ်နီးချင်းနိုင်ငံများ ၊ အခြားနိုင်ငံများ အတွက်ပါ ကောင်းမွန်သည့် စံနမူနာ တစ်ခုဖြစ်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးကဆိုသည်။

နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ဖူးပြီး တင်းမာမှုတစ်ချို့ အတိတ်တွင်ဖြစ်ခဲ့ဖူးသော်လည်း မြန်မာ-ထိုင်း နှစ်ဖက်တပ်များနှင့် အစိုးရအကြား ညှိနှိုင်းဖြေရှင်းနိုင်ခဲ့ကြသဖြင့် ပြန်လည်တည်ငြိမ် သွားလေ့ရှိသည်။

နှစ်နိုင်ငံတပ်များအကြားတွင်လည်း မြို့နယ်၊ ဒေသဆိုင်ရာနှင့် ဦးစီးအဆင့်ထိ ဆွေးနွေးပွဲများပြုလုပ်လေ့ရှိပြီး တပ်မတော် ခေါင်းဆောင်များ၏ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များကလည်း ရင်းနှီးမှု၊ ယုံကြည်မှု၊ တည်ငြိမ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုအတွက် အထောက်အကူဖြစ်စေရန် ဆောင်ရွက်နိုင်ခဲ့သည်ဟု သိရသည်။

ဗိုလ်ချုပ်မှူးကြီးက ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira နှင့် တွေ့ဆုံကြရာတွင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကိစ္စ၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စများနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများတွင် တပ်မတော်၏ ရပ်တည်လုပ်ဆောင်မှုများ၊ အဆင့်မြင့် တပ်မတော်အရာရှိကြီး သင်တန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး သင်တန်းများ စေလွှတ်ရေးတို့လည်း ပြောဆိုကြသည်။

နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သေးသည့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနှင့် အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားပြတိုက်သို့ သွားရောက် လေ့လာကြသည်။

ထို့ပြင် ဥပ္ပါတသန္တိစေတီတော်၌ အလှူငွေများ လှူဒါန်းပြီး စေတီတော် ပရဝုဏ်အတွင်းရှိ ဆင်ဖြူတော်များအား ကြည့်ရှုကြ သည်။

နေပြည်တော်ရှိ Grand Treasures ရွှေရတနာနှင့် ပိုးထည်တိုက်၊ The Rich Gem ကျောက်မျက်ရတနာဆိုင်တို့သို့လည်း သွားရောက်လေ့လာကြသည်။

Ref; MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required