"မြန်မာဟာ အရှေ့တောင်အာရှမှာ အာဟာရချို့တဲ့မှု တတိယအများဆုံး နိုင်ငံဖြစ်နေ တယ်"

"မြန်မာဟာ အရှေ့တောင်အာရှမှာ အာဟာရချို့တဲ့မှု တတိယအများဆုံး နိုင်ငံဖြစ်နေ တယ်"
ဓာတ်ပုံ-မဇ္စျိမ

မိတ်ဆက်စာညွှန်း — မြန်မာပြည်တွင်းစားသုံးမှုထက် ပိုလျှံအောင် ဆန်၊ စပါးထွက်သော်လည်း ရိက္ခာ မလုံလောက်သည့်နေရာ အများအပြား ရှိနေသေးသည်ဟု  မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ပြောသည်။

ရန်ကုန် (Myanmar Now)။           ။  မြန်မာနိုင်ငံရှိကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ (WFP) သည် ၂ဝ၁၆ ခုနှစ်ကုန်အ ထိ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဒေါ်လာ ၅၁ သန်း လိုအပ်လျက် ရှိသည်။

ဝန်ထမ်းအင်အား ၂၅ဝ အထိ မြန်မာနိုင်ငံတွင် ခန့်ထားပြီးသော WFP က ၂ဝ၁၅ ခုနှစ် အတွင်း လူဦးရေ ၁ ဒသမ ၂ သန်းကို စားနပ်ရိက္ခာနှင့် ငွေကြေးထောက်ပံ့ခဲ့ရာတွင် သဘာဝဘေးအန္တရာယ်နှင့်   ပြည်တွင်းစစ်ဒဏ် ကြုံတွေ့ခဲ့ရသည့် ဒုက္ခသည် ငါးသိန်းခန့်အတွက် အရေးပေါ်စားနပ်ရိက္ခာ ထောက်ပံ့မှုလည်း ပါဝင်သည်။

Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် သင်းလဲ့ဝင်းက WFP ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Dom Scalpelliကိုသွားရောက်တွေ့ဆုံပြီးလိုအပ်ငွေကြေးပမာဏကြောင့်  ဖြစ်နိုင် ဖွယ်အကျိုးဆက်၊  မြန်မာနိုင်ငံအနေဖြင့် စားနပ်ရိက္ခာမလုံလောက်မှု ဖြစ်နေရဆဲအကြောင်းများ၊ ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုပပျောက်ရေးလုပ်ငန်းများလုပ်ဆောင်ခြင်းဖြင့် တိုင်းပြည် အတွက် အကျိုးဖြစ်ထွန်းမှု စသည်တို့နှင့် ပတ်သက်၍ မေးမြန်းခဲ့သည်

ရန်ပုံငွေ မလုံလောက်မှုအပေါ် ဘယ်လောက်အထိ စိုးရိမ်မိသလဲ။ ဒါဟာ ရေရှည်အခက်အခဲ တစ်ခုရဲ့ အစိတ်အပိုင်း တစ်ရပ်လား။

စိတ်မကောင်းစရာတစ်ခုက ကျွန်တော်တို့လုပ်ငန်းဟာပုံမှန်အားဖြင့် ရန်ပုံငွေလုံလောက်မှု မရှိပါဘူး။ မီးသတ်ဌာနတစ်ခုမီးသတ်ကားတွေဝယ်ဖို့ ဒါမှမဟုတ် အဲဒီကားတွေကိုဆီထည့်ဖို့ ငွေပုံမှန် လိုနေသလိုပါပဲ။ ဥပမာဆိုရရင် မီးလောင်ပြီဆိုတော့မှ မြို့ထဲကိုအပြေးအလွှားသွား၊  ငွေရှာရသလို ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာလည်းရေကြီးပြီဆိုရင်၊  ရှမ်းပြည်နယ်မှာတိုက်ပွဲတွေကြောင့် လူတွေထွက်ပြေးရ ပြီဆိုရင် ဖြစ်ပုံကခုနကလိုပါပဲ။  အရေးပေါ်အခြေအနေတစ်ခုဖြစ်လာပြီဆိုရင် ကျွန်တော်တို့မှာ နောက်ထပ် ရန်ပုံငွေတွေ လိုက်ရှာရပါတော့တယ်။ ဒါဟာ မဖြေရှင်းနိုင်သေးတဲ့ အခက်အခဲပါ။ ဒါပေမဲ့ ဒါက လက်ရှိသွားနေတဲ့ စနစ်ပါပဲ။

ရန်ပုံငွေမရှိတဲ့အတွက် လူသားချင်းစာနာတဲ့ အကူအညီပေးတဲ့ လုပ်ငန်းအပေါ် ဘယ်လို အကျိုး သက်ရောက်နိုင်ပါသလဲ။

စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီဖို့ ဧပြီလအထိတော့ ရိက္ခာ လုံလောက်ပါတယ်။ အဲဒီ နောက်ပိုင်းဆိုရင်တော့ အခက်အခဲ ရှိလာပါပြီ။ ကျွန်တော်တို့က ပုံမှန်အလှူရှင်တွေ၊  နောက်တိုးအလှူ ရှင်တွေနဲ့ အဆက်မပြတ် ဆွေးနွေးနေတာကြောင့် ဧပြီလမတိုင်မီနောက်ထပ် လှူဒါန်းထည့်ဝင်တာတွေ ရလာနိုင်မယ်လို့ အရမ်းကို မျှော်လင့်ထားတာပါ။

ရန်ပုံငွေ လုံလောက်မှုမရှိတဲ့ အခါမျိုးမှာ ကျွန်တော်တို့က လူ့အသက်ကယ်တဲ့ လုပ်ငန်းတွေကို ဦးစားပေးရပါတယ်။ ဒီလုပ်ငန်းစဉ်အောက်မှာဆိုရင် အာဟာရချို့တဲ့နေတဲ့ ကလေးငယ်တွေ၊အသက် ၅ နှစ်အောက် ကလေးငယ်တွေ၊  ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊  ကချင်၊  ရခိုင်နဲ့ ရှမ်းပြည်နယ် တို့ကနေ ရပ်စွန့်ခွာထွက်ပြေးလာရသူတွေ (အထူးသဖြင့် အဲဒီပြည်နယ်တွေက ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့သူတွေ)၊  ရေကြီးမှုနဲ့ မြေပြိုမှု ကြုံတွေ့ခံစားခဲ့ရသူတွေကို အစာအာဟာရ ထောက်ပံ့ပေးပါတယ်။

ဒုတိယဦးစားပေးအနေနဲ့ကတော့ စားနပ်ရိက္ခာလုံလောက်မှုမရှိတဲ့ ဒေသတွေက စာသင် ကျောင်းတွေမှာ အာဟာရပြည်စုံတဲ့ မုန့်တွေကိုမူကြို၊  သူငယ်တန်းကလေးပေါင်း၂၃ဝ,ဝဝဝ ခန့်ကို ကျွေးမွေးတဲ့   နေ့စဉ် ကျောင်းမှာ လုပ်တဲ့အစီအစဉ် မျိုးကတော့ မိဘတွေ ကိုယ့်သား၊ သမီးတွေကို ကျောင်းပို့အောင် ဆွဲဆောင်တဲ့ အရာဖြစ်ပါတယ်။

အခြားသော ဒေသဖွံ့ဖြိုးရေး အစီအစဉ်တွေဖြစ်တဲ့ ဆည်၊  ငါးကန်၊  လမ်း၊  တံတားအစရှိတဲ့ လူမှုအခြေခံအဆောက်အဦတွေ ပြန်လည်ထူထောင်ပေးတာကလည်းဒီသဘောပါပဲ။ ဒါဟာအနာဂတ် မှာလာမယ့် ထင်မထားတဲ့ဘေးဒုက္ခတွေကိုကာကွယ်ရာမှာဒါမှမဟုတ် လျှော့ချရာမှာနဲ့ ဒုက္ခကြုံရင် လည်း ကြံ့ကြံ့ခံနိုင်စွမ်းရှိအောင် တည်ဆောက်ပေးရာမှာ အထောက်အကူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာစားနပ်ရိက္ခာပိုလျှံကြွယ်ဝတဲ့ နိုင်ငံဖြစ်ပေမယ့် ဒေသ အများအပြား အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာအစားအစာမလုံလောက်တာကြောင့် လူကြီးလူငယ်တွေမှာ အာဟာရ မပြည့်ဝတာကို တွေ့နေရပါတယ်။ ဘာကြောင့် အခုလို ဖြစ်ရတာလဲ။

ကမ္ဘာပေါ်က နိုင်ငံတိုင်းမှာအာဟာရချို့တဲ့စွာစားရတဲ့ သူအချို့ကိုအနည်းနဲ့ အများဆိုသလို တွေ့ရပါတယ်။  ဒါဟာလည်း အသိပညာဗဟုသုတနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ အာဟာရရှိတဲ့ အစာကိုစားသုံးနိုင်တဲ့အနေအထားမှာရှိရင်တောင်မှ လူတွေဟာမှန်ကန်တဲ့နည်းလမ်းနဲ့ အမြဲစားချင်မှ စားပါလိမ့်မယ်။ စားချင်မှတောင် စားမှာပါ၊အဲဒါကိုရောင်းပစ်ပြီးပိုပြီးဈေးသက်သာတာတွေကို  ပြန်ဝယ်စားတာမျိုးလည်း ရှိနိုင်ပါတယ်။

မြန်မာနိုင်ငံဟာ ဆန်စပါးထုတ်လုပ်မှု ပိုလျှံတယ်ဆိုတာ မှန်ပါတယ်။  မြန်မာတွေ အတွက်က တော့ ဆန်ရှိခြင်းဟာစားနပ်ရိက္ခာရှိခြင်းပါပဲ။ ဒါပေမယ့် ဒီမှာ စားသုံးနေတဲ့ ပုံစံအရတော့ ဆန်ကို စားရုံသက်သက်မျှနဲ့ အာဟာရရှိသွားတာတော့ မဟုတ်ပါဘူး။

ဆန်ညိုကို စားတဲ့သူ တော်တော်နည်းပါတယ်။ ဆန်တွေကို ဖြူနိုင်သမျှဖြူအောင် ဖွတ်ထားတဲ့ ဆန်တွေကိုစားကြတော့ အဲဒီဆန်မှာပါတဲ့ အာဟာရတွေ အများကြီး ဆုံးရှုံးကုန်ပါတယ်။ ချင်းပြည်နယ် မှာလည်း မြို့တစ်မြို့ကနေနောက်တစ်မြို့ကိုသွားမယ်ဆိုရင် ကားကောင်းမယ်ဆိုရင်တောင်မှ သုံးနာရီ လောက်ကြာပါတယ်။ ဒီတော့ အစားအစာတွေကိုဝယ်လို့ရတယ်ဆိုပေမယ့် ဈေးကြီးတယ်။ အဲဒီဒေသ မှာ ရေကြီးတုန်းက ကြုံခဲ့ရဖူးတယ်၊ ဆန်တစ်အိတ်ကို အရင်က အခြားနေရာတွေထက် ဈေးကြီးပြီး ကျပ်သုံးသောင်းကျော်လောက် ရှိရာကနေ ကျပ်တစ်သိန်းကျော် ဖြစ်သွားတယ်။ သွားရေးလာရေး ခက်ခဲတာကလည်း ပြဿနာတစ်ခုပါ။

မြေနဲ့ အခြားရင်းမြစ်တွေ အသုံးပြုနိုင်မှုနည်းပါးတာသို့မဟုတ် မျှမျှတတမဖြစ်တာ၊  စိုက်ပျိုးရေး ရေခံမြေခံမကောင်းမွန်တာ၊တစ်ခုခုဖြစ်ရင် နာလန်ထူနှေးတာတွေကြောင့် မြေယာမဲ့တွေ၊  လက်လုပ် လက်စားတွေနဲ့ တိုင်းရင်းသားတွေလိုမျိုးအစကတည်းကတစ်ပန်းရှုံးပြီးသားသူတွေအတွက် အစားအ စာ မလုံလောက်မှုဟာ ကြုံနေကျ ပြဿနာတစ်ရပ်ပါ။ လယ်သမားအများစုမှာ စိုက်ပျိုးနိုင်တဲ့ မြေနည်း နည်းပဲ ရှိပါတယ်။ ဒီအခြေအနေကြောင့် သူတို့အနေနဲ့ မိသားစုအတွက်လိုအပ်မယ့် အစားအစာ၊  ဟင်းသီးဟင်းရွက်တွေကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလို့ မရပါဘူး။

စိုက်ပျိုးရေးလုပ်ငန်းကလည်း ရှိသင့်သလောက် မကောင်းမွန်ပါဘူး။  အပူပိုင်းဒေသတွေမှာ ဆိုရင် မြေကြီးတွေက သဲဆန်ပြီး မိုးရွာသွန်းမှုက နည်းပါတယ်။ တောင်တန်းဒေသတွေမှာကျတော့ စိုက်ပျိုးရေးလုပ်နိုင်တဲ့ မြေက အနည်းအကျဉ်းပဲရှိပြီး စိုက်ပျိုးရေးလုပ်ငန်း ကာလတစ်ခုတစ်ခုကလည်း အင်မတန် တိုတာကြောင့် မြေဆီသြဇာ အသစ်ပြန်ဖြစ်ဖို့ မလွယ်ဘူး။

တိုင်းရင်းသားဒေသတွေမှာ လွတ်လွတ်လပ်လပ်/သို့မဟုတ် စိတ်ချလက်ချ သွားလာနိုင်ခြင်း မရှိတာကြောင့် မြေယာနဲ့ အသက်မွေးလုပ်နိုင်မယ့် အခြေအနေကောင်းတွေ ပိုပြီးလိုအပ်ပါတယ်။

 မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာရှားပါးမှု အများဆုံး ဖြစ်နေတာဘယ်နေရာတွေလဲ၊  ဘာကြောင့် ဖြစ်ရတာလဲ။

 အဓိကဖြစ်နေတဲ့ နေရာတွေကတော့ နယ်စပ်ဒေသတွေ၊  အပူပိုင်းဒေသတွေ ဖြစ်ပါတယ်။ ချင်းပြည်နယ်ဟာ ဝေးလံခေါင်ဖျားပြီး သီးခြားလို ဖြစ်နေတဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်း မရှိ သလို စိုက်ပျိးမြေလည်း နည်းပါးပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင်တော့ လွတ်လွတ်လပ်လပ် သွားလာ လို့မရတာ၊  အလုပ်အကိုင် အခွင့်အလမ်းမရှိတာနဲ့ မြေယာရှားပါးမှုတို့ ဖြစ်နေပါတယ်။ အပူပိုင်းဒေသ မှာတော့ မြေဆီသြဇာ ညံ့ဖျင်းမှုနဲ့ စိုက်ပျိုးရေးနည်းပညာ လိုအပ်ချက်တွေ ရှိနေပါတယ်။

  မြန်မာနိုင်ငံမှာ အာဟာရမပြည့်ဝမှုဟာ ဘယ်လောက်ထိ ဆိုးနေသလဲ။

 အရှေ့တီမောနဲ့ ကမ္ဘောဒီးယား နိုင်ငံတို့ပြီးရင် မြန်မာဟာ အရှေ့တောင်အာရှမှာ အာဟာရ ချို့တဲ့မှု တတိယအများဆုံး နိုင်ငံဖြစ်နေတယ်။ အမှန်ဆို ဒီလိုဖြစ်ရမှာ မဟုတ်ဘူး။ မြန်မာနိုင်ငံဟာ သဘာဝရင်းမြစ်တွေ ပေါကြွယ်ဝတယ်၊  ဒီရင်းမြစ်တွေကိုပညာရေး၊  လူနေမှုဘဝတွေအတွက် အသုံးချနိုင်ဖို့နဲ့ အာဟာရပိုမိုပြည့်ပြည့်ဝဝရှိအောင် စားတတ်ဖို့ လိုပါတယ်။ တစ်ခါတစ်ရံမှာတော့ ပိုကောင်းမွန်တဲ့ အာဟာရစားသုံးမှု မြှင့်တင်အောင် ရှိရင်းစွဲ ယဉ်ကျေးမှုဓလေ့တွေကိုလည်း ပြောင်းလဲရပါလိမ့်မယ်။

 အစားအစာလိုအပ်ချက်အများဆုံးနေရာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ် နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဖြစ်ပါတယ်။ အသက် ၅ နှစ်အောက် ကလေး ၃၄ ရာခိုင်နှုန်းဟာ အာဟာရချို့တဲ့တာကြောင့် အရေအတွက်နဲ့ဆိုရင် ကလေးသုံးယောက်မှာ တစ်ယောက်ကအရင် တော်တော်လေး ပုပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေတဲ့ နေရာမှာဆိုရင် အာဟာရချို့တဲ့ဒဏ် ကြုံတွေနေရသူ ၅ဝ ရာခိုင်နှုန်းအထိ ရှိပါတယ်။ (အယ်ဒီတာ့မှတ်ချက် - ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်မြို့တို့တွင် ရိုဟင်ဂျာ/ဘင်္ဂါလီမွတ်စလင် တစ်သန်းခန့်နေထိုင်သည်)

 ဒုတိယကမ္ဘာစစ်ပြီးချိန်အထိ ဂျပန်မှာ အရပ်ပုတဲ့သူ တော်တော်များသေးတယ်။ အခု တိုကျိုကို သွားကြည့်လိုက်ပါ၊ အများစုက အရပ်အမောင်းကောင်းနေကြပြီ၊ မျိုးဆက်တစ်ခုလောက်ပဲ ကြာခဲ့ပါ တယ်၊ လုပ်ယူလို့ရတဲ့ အရာတစ်ခုပါ။ အာဟာရပြည့်ဝမှုဆိုတာ အစားအစာ တစ်ခုတည်းနဲ့တင် မလုံ လောက်ပါဘူး။ ကျန်းမာရေးကောင်းမွန်ရေး၊  သန့်ရှင်းရေးတို့နဲ့လည်း ဆိုင်ပါတယ်။ ဥပမာအားဖြင့် တောင်အာရှမှာဆိုရင် သန့်ရှင်းရေးညံ့ဖျင်းလို့ အာဟာရချို့တဲ့မှု ဖြစ်စေပါတယ်။ မွေးကင်းစကလေး တစ်ဦးအတွက် ပထမဆုံးရက် ၁,ဝဝဝ မှာ မိခင်နို့သက်သက် တိုက်ကျွေးခြင်းနဲ့ ခြောက်လပြည့်ပြီး နောက်မှာ ဖြည့်စွက်စာပါ ထည့်ကျွေးဖို့ တိုက်တွန်းနှိုးဆော်တဲ့ကိစ္စကိုနေရာတိုင်းမှာလုပ်လို့ မရနိုင် ပြန်ပါဘူး။ အကြောင်းကတော့ ယဉ်ကျေးမှုတွေကအမျိုးမျိုးဖြစ်နေလို့ပါ။

 အာဟာရချို့တဲ့မှုဟာ ဘဝတစ်လျှောက်လုံးအထိ သက်ရောက်နိုင်တယ်လို့ သိရပါတယ်။ ဟုတ်ပါသလား။

ဟုတ်ပါတယ်။ ဥပမာ မြန်မာနိုင်ငံရဲ့ အစားအစာ လုံလောက်မှုမရှိတဲ့ နေရာဒေသတစ်ခု အာဟာရမပြည့်ဝတဲ့ မိန်းကလေးတစ်ယောက်ဟာငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးမွေးမယ်ဆိုရင် အဲဒီမွေးလာတဲ့ ကလေးဟာစိတ်ပိုင်းဖြစ်ဖြစ် ရုပ်ပိုင်းဖြစ်ဖြစ် တစ်စုံတစ်ရာယုတ်လျော့ ချို့တဲ့မှု ရှိနိုင်ပါတယ်။

  မွေးကင်းစကလေးဟာပထမဆုံးရက် ၁,ဝဝဝ မှာအာဟာရလုံလုံလောက်လောက် မရရှိဘူး ဆိုရင် ဦးနှောက်ဟာပုံမှန်မဖွံ့ဖြိုးနိုင်ပါဘူး။  ရှိသမျှလူတွေအားလုံးဒီလိုမျိုးဖြစ်နေရင်လို့ တွေးကြည့် လိုက်လေ။ နိုင်ငံတစ်နိုင်ငံမှာကလေးငယ်တွေအာဟာရချို့တဲ့မှုတစ်ခုတည်းကြောင့်ပဲအဲဒီနိုင်ငံရဲ့ စီးပွားရေးကဏ္ဍဆုံးရှုံးမှုဟာဂျီဒီပီရဲ့ ပျမ်းမျှ ၁၁ ရာခိုင်နှုန်းလောက် အထိရှိနိုင်တာကို လေ့လာတွေ့ရှိ ထားပါတယ်။ ဒီလိုအဖြစ်မျိုးကိုရပ်တန့်ပစ်နိုင်တယ်။ အမျိုးသမီးတစ်ဦးကိုယ်ဝန်ဆောင်နေရပြီဆိုရင် အာဟာရပြည့်ဝတဲ့ အစားအစာတွေကိုလုံလုံလောက်စားပြီးသန့်ရှင်းတဲ့ရေကိုသောက်ဖို့ လိုပါတယ်။ မွေးဖွားပြီးတဲ့ အချိန်မှာလည်းမိခင်နို့တစ်မျိုးတည်းကိုသာတိုက်ကျွေးမယ်၊  အဲဒီနောက်မှာလည်း အာဟာရရှိတဲ့ အစာကိုသာ ကျွေးမယ်ဆိုရင် ကလေးငယ်အနေနဲ့ အသက်နှစ်နှစ်လောက်အထိ ကျန်းမာစွာနဲ့ ကြီးထွားလာနိုင်ပါတယ်။

ဒါတင် မပြီးသေးပါဘူူး။ ကလေးဟာ အရွယ်ရောက်ရင် ကျောင်းသွားရမှာမို့လို့ အာဟာရရဲ့ အရေးပါပုံကို သူတို့ နားလည်ပါတယ်။ မိန်းကလေးတစ်ယောက်ဟာ ပညာသင်နေတဲ့အချိန် ပိုကြာ လေ ကလေးမွေးတာလည်း ပိုပြီး နောက်ကျလေပါပဲ။ အသက်ငယ်ငယ်နဲ့ ကလေးမမွေးတော့ရင် မွေးလာတဲ့ကလေးကပိုကျန်းမာဖို့ပဲရှိပါတယ်။ ဒါ့ပြင် သူကိုယ်တိုင်ကလည်း သားဆက်ခြားဖို့ အလားအလာ ပိုများပါတယ်။

ဒီပြဿနာကို ဘယ်လို ဖြေရှင်းနိုင်မလဲ။ အစိုးရအနေနဲ့ရော ဘာတွေ လုပ်သင့်သလဲ။

အားဖြည့်ဆန် ထုတ်လုပ်ဖို့ ကျွန်တော်တို့က မြန်မာအစိုးရ၊  အခြားအဖွဲ့အစည်းတွေနဲ့ စတင် လုပ်ဆောင်နေပါတယ်။ ဒါကို ကြိုးစားလုပ်ဆောင်ပြီးဈေးကွက်ထဲမှာရောင်းချနိုင်မယ်၊ ကျွန်တော်တို့ရဲ့ အာဟာရဖြည့်ဆည်းရေးအစီအစဉ်တွေအတွက် ဝယ်ယူသွားမှာပါ။  ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံက လူတွေဟာ တစ်ဦးချင်းဆန်စားသုံးမှု အများဆုံး နိုင်ငံဖြစ်ပါတယ်။ လူတစ်ဦးဆန်စားသုံးမှုဟာ တစ်နှစ် ကို ကီလိုဂရမ် ၂ဝဝ ကျော်ပါတယ်။ တကယ်လို့ ဒီပမာဏအတိုင်းအာဟာရဖြည့် အစားအစာတစ်မျိုး မျိုးကို စားသုံးနိုင်မယ်ဆိုရင် အာဟာရချို့တဲ့မှု ပြဿနာကို အကောင်းဆုံး မဟုတ်တောင်မှ   ရေရှည် ဖြေရှင်း ဆောင်ရွက်သွားနိုင်မှာပါ။

အာဟာရဖြည့်ဆန်တွေ လောလောဆယ်ပို့မပေးနိုင်သေးတဲ့ နေရာတွေအတွက် အဲဒီဒေသက လူတွေအနေနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေ ရနိုင်ရေး၊  အမျိုးအစားစုံလင်အောင်  စိုက်ပျိုးနိုင် ရေး၊   ဈေးကွက်ပေါက်ရောက်မှုရရှိနိုင်ရေးတွေကိုလုပ်ဆောင်သွားဖို့ လိုပါတယ်။ မြန်မာလို နိုင်ငံမျိုး အနေနဲ့ အာဟာရချို့တဲ့မှု ပြဿနာကိုဖြေရှင်းဖို့ဆိုရင် ဒီကိစ္စကိုဦးစားပေးသတ်မှတ်ဖို့ပါပဲ။

မြန်မာပြည်ရဲ့ နိုင်ငံရေး၊  ပညာရေး၊  အနုပညာ၊  အားကစားစတဲ့ နယ်ပယ်အသီးသီးမှာ ဒီကိစ္စကို ဦးဆောင်ဦးရွက်ပြုမယ့်လူတွေလိုအပ်နေပါတယ်။ မြန်မာနိုင်ငံမှာ ကျွမ်းကျင်တဲ့ အာဟာရ ပညာရှင် မပေါ်ထွန်းသေးပါဘူး။ လုပ်ချင်စိတ်နဲ့ တကယ် အကောင်အထည်ဖော် လုပ်ဆောင်ဖို့ပဲ လိုပါတယ်။

လုံးဝငတ်မွတ်မှု ပပျောက်ရေး အစီအစဉ်ကို မြန်မာအစိုးရက ၂ဝ၁၄ ခုနှစ်နှောင်းပိုင်းမှာ ချမှတ် ခဲ့ပါတယ်။ ဒါဟာပထမအဆင့်ပါ။ တစ်ကမ္ဘာလုံးမှာဆောင်ရွက်မယ့်ရှေ့ဆောင်အစီအစဉ်လည်း ဖြစ်ပါ တယ်။ ၂ဝ၂၅ ခုနှစ် နောက်ဆုံးထားပြီး မြန်မာနိုင်ငံမှာလူကောင်သေးကွေးညှက်တဲ့ကလေးငယ်တွေ လုံးဝမရှိတော့အောင် တိကျတဲ့တာဝန်တွေပေးထားတဲ့ အာဟာရပြည့်ဝရေးနဲ့ စားနပ်ရိက္ခာ လုံခြုံရေး ဆိုင်ရာ လုပ်ငန်းစဉ် မူကြမ်းတစ်ခု ချမှတ်ထားပါတယ်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required