ဝိုင်းရံခံ မာရီယူပိုမြို့တွင် ရုရှနှင့် စေ့စပ်ညှိနှိုင်းရန် ယူကရိန်း အဆိုပြု 

ဝိုင်းရံခံ မာရီယူပိုမြို့တွင် ရုရှနှင့် စေ့စပ်ညှိနှိုင်းရန် ယူကရိန်း အဆိုပြု 
Photo - AFPRussian soldiers walks along a street in Mariupol (Photo - AFP)

ဧပြီ ၂၁

ဝိုင်းရံခံ မာရီယူပိုမြို့၌ ရုရှနှင့် “အထူး စေ့စပ်ညှိနှိုင်းမှု” ပြုလုပ်ရန်အတွက် ယူကရိန်းက ဗုဒ္ဓဟူးနေ့တွင် အဆိုပြုထားကြောင်း ထိပ်တန်းယူကရိန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“ဟုတ်ပါတယ်၊ ဘယ်လို ကြိုတင်သတ်မှတ်ချက်မှ မရှိပါ၊ မာရီယူပိုမှာ ‘အထူး စေ့စပ်ညှိနှိုင်းမှု’ ပြုလုပ်နိုင်ဖို့ ကျွန်တော်တို့ အသင့်ရှိနေပါတယ်”ဟု ယူကရိန်း စေ့စပ်ညှိနှိုင်ရေးအဖွဲ့ အကြီးအကဲနှင့် သမ္မတ လက်ထောက်အကူ မိုင်ခီလို ပိုဒိုလိုင်ယက်ခ်က တွစ်တာတွင် ရေးသည်။ 

“ကျွန်တော်တို့ရဲ့ လူတွေ ဘေးကင်းဖို့၊ အဇော့၊ စစ်တပ်၊ အရပ်သား၊ ကလေးငယ်တွေ၊ နေထိုင်သူတွေနဲ့ ဒဏ်ရာရသူတွေ စတဲ့ အားလုံးအားလုံးအတွက်ပါ၊ ဘာကြောင့်လည်းဆိုတော့ မာရီယူပိုမြို့က သူတို့တွေဟာ ကျွန်တော်တို့ရဲ့ ပြည်သူတွေပဲ ဖြစ်တယ်၊ သူတို့ဟာ ကျွန်တော်တို့ ရင်ထဲမှာ ရှိနေသူတွေပဲ၊ အမြဲတမ်းပေါ့”ဟု ၎င်းက ရေးသားသည်။ 

မိမိတို့၏ မြို့စောင့်တပ်နှင့် အရပ်သားများအား ကယ်ထုတ်ရေးတို့အတွက် ရုရှဘက်နှင့် ဆွေးနွေးရန် မာရီယူပိုမြို့ဆီ ပိုဒိုလိုင်ယက်ခ်နှင့်အတူ သွားရောက်ရန် အသင့်ရှိကြောင်းလည်း နောက်ထပ် အဓိက ယူကရိန်း စေစပ်ညှိနှိုင်းသူ ဒေးဗစ် အာရတ်ခါမီယာက တယ်လီဂရမ်တွင် ရေးသားသည်။ 

လက်ရှိတွင် မာရီယူပိုမြို့မှ အရပ်သားများအား ကယ်ထုတ်ရေး ကြိုးစားမှုသည် ဗုဒ္ဓဟူးနေ့က မအောင်မမြင် ဖြစ်ခဲ့ခြင်းကြောင့် ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်များနှင့် မြို့တွင် ပိတ်မိနေသော အရပ်သားများနှင့်အတူ ‘မာရီယူပိုမြို့၏ အခြေအနေသည် ဆိုးဝါးယိုယွင်းနေပြီ”ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက သတိပေးသည်။ 

မဟာဗျူဟာမြောက် တောင်ပိုင်း ဆိပ်ကမ်းမြို့ မာရီယူပိုမှ အရပ်သားများနှင့်အတူ မိမိ၏ တပ်ဖွဲ့ဝင်များ ဘေးလွတ်ရာ ရွှေ့ပြောင်းရန် အသင့်ရှိနေကြောင်း ရုရှ၏ သိမ်းပိုက်မှုကို ခုခံတွန်းလှန်နေသည့် အဇော့တပ်ရင်းမှ တပ်မှူး ပါလာမာက ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ပြောသည်။ 

“တတိယပါတီ တစ်ခုခုရဲ့ အကူအညီနဲ့ ကျွန်တော်တို့တွေ လက်နက်ငယ်တွေနဲ့အတူ မာရီယူပိုကနေ ဘေးလွတ်ရာရွှေ့ဖို့ အသင့်ပါပဲ”ဟု တယ်လီဂရန်တွင် ဗီဒီယိုပို့စ်၌ ၎င်းက ပြောသည်။ 

ရည်မှန်းချက်မှာ ‘ဒဏ်ရာရသူများအား ကယ်ထုတ်ရေး၊ သေဆုံးရုပ်အလောင်းများအား ရယူပြီး ရုရှထိန်းချုပ်ခြင်း မရှိသော မြေတွင် ဂုဏ်ယူစွာ မြုပ်နှံပေးရေး”တို့ ဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ဆိုသည်။ 

တစ်ချိန်တည်းမှာပင် တပ်ဖွဲ့ဝင်များ လက်နက်အားလုံး ချရန် ရုရှ၏ တောင်းဆိုချက်ကို မိမိတို့ တပ်ရင်းအနေဖြင့် ဂရုစိုက်လိမ့်မည်မဟုတ်ဟုလည်း ၎င်းက ပြောခဲ့သည်။ 

ယူကရိန်းဘက်က မာရီယူပိုမြို့၌ စေ့စပ်ညှိနှိုင်းရန် အဆိုပြုမှုကို ရုရှဘက်က ချက်ချင်း တုံ့ပြန်လာခြင်း မရှိသေးပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required