စစ်ပွဲအတွင်း ယူကရိန်းစစ်သား ၂၅၀၀ မှ ၃၀၀၀ ကြား ကျဆုံးဟု ဇယ်လန်စကီး ပြော 

စစ်ပွဲအတွင်း ယူကရိန်းစစ်သား ၂၅၀၀ မှ ၃၀၀၀ ကြား ကျဆုံးဟု ဇယ်လန်စကီး ပြော 

ဧပြီ ၁၆

ရုရှနှင့် စစ်ပွဲ သီတင်းပတ် ခုနစ်ပတ်အတွင်း ယူကရိန်းစစ်သား ၂,၅၀၀ မှ ၃,၀၀၀ ကြား ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀,၀၀၀ ခန့်ရှိသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောသည်။ 

အရပ်သား သေကျေပျက်စီးမှုကို ရေတွက်ထားခြင်း မရှိသေးကြောင်း ၎င်းက CNN သတင်းဌာနသို့ သောကြာနေ့တွင် ပြောခြင်း ဖြစ်သည်။ 

လက်ရှိ၌ သီတင်းပတ် ရှစ်ပတ်မြောက်ပြီဖြစ်သည့် စစ်ပွဲအတွင်း၌ ရုရှစစ်သား ၁၉,၀၀၀ နှင့် ၂၀,၀၀၀ ကြား သေဆုံးသည်ဟု ၎င်းက ဆိုသည်။ ရုရှစစ်သား ၁,၃၅၁ ဦး သေဆုံးပြီး ၃,၈၂၅ ဦး ထိခိုက်ဒဏ်ရာရသည်ဟု ရုရှက ပြီးခဲ့သည့်လတွင် ပြောထားသည်။ 

အဆိုပါ ပြောဆိုချက် နှစ်ရပ်စလုံးကို ရိုက်တာအနေဖြင့် လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိပေ။ 

တောင်ပိုင်း မာရီယူပိုဆိပ်ကမ်းမြို့အား ရုရှ၏ သိမ်းယူခြင်းကို ချိုးဖျက်ရန် ကြိုးပမ်းနေသည်ဟု ယူကရိန်းက ပြောထားရာ ယင်းမြို့တွင် တိုက်ပွဲများ ပြင်းထန်လျက် ရှိနေသည်။ ရုရှမကျူးကျော်ခင်က ပြည်သူ လေးသိန်း နေထိုင်ရာ မာရီယူပိုမြို့သည် မြို့ပျက်သဖွယ် ဖြစ်လာခဲ့သည်။ အရပ်သား ထောင်နှင့်ချီကာ သေဆုံးပြီး ပိတ်မိနေသူ ထောင်ပေါင်းများစွာလည်း ရှိနေသည်။ 

“မာရီယူပိုက အခြေအနေဟာ ခက်ခဲပြီး ကြမ်းတမ်းပါတယ်၊ တိုက်ပွဲတွေ ဖြစ်နေတယ်၊ မြို့ကို စီးဖို့အတွက် ရုရှဟာ တပ်ကူတွေ အဆက်မပြတ် ဖြည့်နေတယ်”ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ အိုလက်ဆန်ဒါးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ရုရှက မြိုအား လုံးဝ သိမ်းပိုက်နိုင်သေးခြင်းမရှိဟု ၎င်းက ဆိုသည်။ 

ရုရှ၏ ပင်လယ်နက်ရေယာဉ်စုမှ စစ်သင်္ဘော Moskva သည် ကြာသပတေးနေ့က နစ်မြုပ်ခဲ့ပြီးနောက် ကိယက်ဗ်မြို့တော် အပြင်ဘက်က သင်္ဘောဖျက်ဒုံးကျည်များ ထုတ်လုပ်ရာနှင့် ပြင်ဆင်ရာ စက်ရုံတစ်ရုံကို တိုက်ခိုက်ခဲ့ကြောင်း ရုရှက ပြောသည်။ 

လက်နက် ပိုမိုကောင်းမွန်သော ရန်သူကို ခုခံတွန်းလှန်မှု၌ အားရစရာအဖြစ် Moskva သင်္ဘော နစ်မြုပ်ခြင်းမှာ ၎င်း၏ ဒုံးကျည်ပစ်ခတ်မှုကြောင့်ဟု ယူကရိန်းဘက်က ပြောသည်။ ရုရှဘက်ကမူ ယင်း သင်္ဘောသည် လှိုင်းထန်သည့် ပင်လယ်အတွင်း၌ လက်နက်ခဲယမ်းများ ပေါက်ကွဲမှုဖြစ်ရာမှ မီးလောင်ခြင်းဖြစ်ပြီး သင်္ဘောသား ၅၀၀ ကျော်ကို ကယ်ထုတ်ခဲ့ရသည်ဟု ဆိုသည်။ 

Moskva သင်္ဘောသည် ယူကရိန်း ဒုံးကျည်နှစ်စင်း ထိမှန်ခဲ့ခြင်းဖြစ်ပြီး အရေအတွက် မသိရသော်လည်း သေကျေပျက်စီးမှု ရှိနိုင်သည်ဟု အမေရိကန်က ယူဆကြောင်း အကြီးတန်းအမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required