စစ်လက်နက်ပစ္စည်းများ ရရှိရေး ယူကရိန်းခေါင်းဆောင်က အနောက်နိုင်ငံများထံ တောင်းဆို

စစ်လက်နက်ပစ္စည်းများ ရရှိရေး ယူကရိန်းခေါင်းဆောင်က အနောက်နိုင်ငံများထံ တောင်းဆို

မတ် ၂၇

အနောက်နိုင်ငံများထံတွင် ရှိနေသည့် အကြီးစား စစ်လက်နက်ပစ္စည်းများအနက်မှ အနည်းငယ်မျှကို ယူကရိန်းထံ ထောက်ပံ့ပေးအပ်ရေးအတွက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ယမန်နေ့က တောင်းဆိုပန်ကြားသွားခဲ့သည်။

တစ်ဆက်တည်းမှာပင် အနောက်နိုင်ငံများအနေဖြင့် ရုရှကို ကြောက်နေသလား ဆိုပြီး စိတ်တိုနေပုံပေါ်သည့် ဇယ်လန်စကီးက မေးခွန်းထုတ်သွားခဲ့သည်။

နိုင်ငံအချို့သည် ယူကရိန်းထံ တင့်ကားဖျက် ဒုံးကျည်များနှင့် လေယာဉ်ပစ် ဒုံးများ အပါအဝင် အသေးစားစစ်လက်နက်များ ပေးပို့မည်ဟု ကတိပြုထားသည်။ သို့သော် ယူကရိန်းအနေဖြင့် တင့်ကားများ၊ လေယာဉ်များနှင့် သင်္ဘောဖျက် ဒုံးစနစ်များ လိုနေသည်ဟု ဇယ်လန်စကီးက ပြောသည်။

“ဒါတွေက ကျွန်တော်တို့ရဲ့ ပါတနာတွေမှာ ရှိနေတဲ့အရာတွေဖြစ်ပါတယ်။ အဲဒါတွေက အဲဒီမှာ ဖုန်တောင် တက်နေပါပြီ။ ခုလို တောင်းဆိုရတာက ယူကရိန်းရဲ့ လွတ်မြောက်မှုအတွက်သာမကဘဲ ဥရောပရဲ့ လွတ်လပ်မှုအတွက်ပါ ဖြစ်ပါတယ်” ဟု ယူကရိန်းခေါင်းဆောင်က ဗီဒီယိုမိန့်ခွန်းတစ်ခုတွင် ပြောသည်။

ယူကရိန်းအနေဖြင့် နေတိုးအုပ်စုတွင် ရှိနေသည့် လေယာဉ်များနှင့် တင့်ကားများ၏ ၁ ရာခိုင်နှုန်းမျှကိုသာ လိုအပ်ကြောင်းနှင့် ယင်းထက် ပိုပြီးလည်း တောင်းဆိုမည် မဟုတ်ကြောင်း ၎င်းက ပြောခဲ့သည်။

“ကျွန်တော်တို့ စောင့်နေတာ ရက်ပေါင်း ၃၁ ရက် ရှိသွားပါပြီ။ ယူရို-အတ္တလန္တိတ် အသိုင်းအဝိုင်းမှာ ဘယ်သူက ထိန်းချုပ်တာဝန်ယူတာလဲ။ ခြိမ်းခြောက်မှုကြောင့် မော်စကိုပဲ ဖြစ်နေဆဲပဲလား” ဟု ၎င်းက ပြောခဲ့သည်။

အကယ်၍များ ယူကရိန်း ကျသွားပါက ရုရှအနေဖြင့် ဥရောပဒေသထဲ ထပ်မံ ချဲ့ထွင်ရန် ကြိုးပမ်းလာလိမ့်မည်ဟု ဇယ်လန်စကီးက ထပ်တလဲလဲ ပြောဆိုထားသည်။ သို့သော် နေတိုးအုပ်စုသည် ယူကရိန်းတွင် လေယာဉ်မပျံသန်းရဇုန်တစ်ခု သတ်မှတ်ပေးရေး ဇယ်လန်စကီး၏ တောင်းဆိုချက်ကို မထောက်ခံခဲ့ဘဲ ယင်းက ပိုမို ကျယ်ပြန့်သော စစ်ပွဲတစ်ခုကို တွန်းပို့စေနိုင်သည်ဟု အကြောင်းပြချက် ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required