ရုရှကျူးကျော်သူများ ချဉ်းကပ်လာနေစဉ် မြို့တော်၌ တစ်ဖဝါးမှ မခွာဘဲ ဆက်ရှိနေမည်ဟု ယူကရိန်းသမ္မတ ကတိပြု

ရုရှကျူးကျော်သူများ ချဉ်းကပ်လာနေစဉ် မြို့တော်၌ တစ်ဖဝါးမှ မခွာဘဲ ဆက်ရှိနေမည်ဟု ယူကရိန်းသမ္မတ ကတိပြု

ဖေဖေါ်ဝါရီ ၂၅

ယူကရိန်းစစ်သားများသည် မြို့တော်ကိယက်ဗ်သို့ ချီတက်လာနေသည့် ရုရှ ကျူးကျော်သူများကို တွန်းလှန်တိုက်ခိုက်လျက် ရှိစဉ် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ၎င်းအနေဖြင့် မည်သည့်နေရာကိုမှ မထွက်ခွာဘဲ ကိယက်ဗ်၌သာ ဆက်ရှိနေမည် ဖြစ်ကြောင်း ဖေဖေါ်ဝါရီ ၂၅ ရက်တွင် အခိုင်အမာ ပြောဆိုခဲ့သည်။

ရုရှသမ္မတ ဗလာဒီမာ ပူတင်၏ စစ်ပွဲကြေညာချက် ထွက်ပေါ်ပြီးနောက် ရုရုတပ်များသည် ယမန်နေ့က ယူကရိန်းအပေါ် ကြည်း၊ ရေ၊ လေ ဖြင့် ယင်း၏ ကျူးကျော်မှုကို စတင်လုပ်ဆောင်ခဲ့သည်။

ယူကရိန်း၏ အဓိက မြို့ကြီးများတွင် ပေါက်ကွဲသံများ၊ ပစ်သံခတ်သံများ ထွက်ပေါ်နေခဲ့ချိန် ခန့်မှန်းခြေ လူတစ်သိန်းခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု သိရသည်။ လူဒါဇင်များစွာ သေဆုံးခဲ့ပြီဟု သတင်းများ ထွက်ပေါ်နေသည်။

ရုရှသည် ယူကရိန်း၏မြို့တော်ကို သိမ်းယူရန်နှင့် အစိုးရကို ဖြုတ်ချရန် ရည်ရွယ်ကြောင်း အမေရိကန်နှင့် ယူကရိန်းအရာရှိများက ပြောသည်။ လက်ရှိ ယူကရိန်းအစိုးရကို အမေရိကန်၏ ရုပ်သေးရုပ်အဖြစ် ပူတင်က သတ်မှတ်ထားသည်။

တစ်ချိန်တည်းမှာပင် ရုရှတပ်ဖွဲ့များသည် ကိယက်ဗ်မြို့ မြောက်ဘက်ရှိ ချာနိုဘိုင်း နျူကလီးယား ဓာတ်အားပေးစက်ရုံဟောင်းကို သိမ်းယူခဲ့ပြီး ၎င်းတို့သည် ဘယ်လာရုစ်ကနေ ယူကရိန်းမြောက်ဘက်သို့ ဦးတည်ပြီး ကိယက်ဗ်သို့ အတိုဆုံးလမ်းကြောင်းအတိုင်း ချီတက်လာနေသည်ဟု သိရသည်။

“ရန်သူက ကျွန်တော့်ကို နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်” ဟု ဇီလန်စကီးက ဗီဒီယိုမက်ဆေ့ချ်တစ်ခုကနေ ထုတ်ဖော်သတိပေးခဲ့သည်။ ရှေ့တန်းနေရာ အများအပြားတွင်လည်း ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်နေခဲ့သည်ဟု သိရသည်။

“ကျွန်တော့် မိသားစုကတော့ နံပါတ်နှစ် ပစ်မှတ်ပေါ့။ သူတို့ဟာ နိုင်ငံအကြီးအကဲတစ်ယောက်ကို ဖျောက်ဖျက်ပြီး နိုင်ငံရေးအရ ယူကရိန်းကို ဖျက်ဆီးချင်နေပါတယ်” ဟု ဇီလန်စကီးက ပြောသည်။

“ကျွန်တော် မြို့တော်မှာပဲ ဆက်ရှိနေပါမယ်။ ကျွန်တော့်မိသားစုလည်း ယူကရိန်းနိုင်ငံထဲမှာ ရှိနေပါတယ်” ဟု ၎င်းက ပြောသည်။

ယူကရိန်းအစိုးရဘက်က ယင်း၏ပြည်သူများကို လူမျိုးတုံး

သတ်ဖြတ်မှု ကျူးလွန်နေခြင်းအပေါ် တားဆီးရန်အတွက် “အထူးစစ်ဘက်ဆိုင်ရာ စစ်ဆင်ရေး”တစ်ခု လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရုရှ သမ္မတ ပူတင် ပြောသည်။ ပူတင်၏ ထိုစွပ်စွဲချက်က အခြေအမြစ်မရှိလှဟု အနောက်အုပ်စုက ပြောသည်။ ယူကရိန်းနယ်မြေသည် သမိုင်းကြောင်းအရ ရုရှပိုင် ဖြစ်ခဲ့ကြောင်းနှင့် ယူကရိန်းသည် တရားမဝင်သော နိုင်ငံဖြစ်သည်ဟု ပူတင်က ပြောသည်။

ဇီလန်စကီး၏ လုံခြုံရေးနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က CBS သတင်းဌာနကို ပြောကြားရာတွင် “ကျွန်တော် သိသလောက်ကတော့ သမ္မတ ဇီလန်စကီးဟာ ယူကရိန်းမှာ သူ့ရာထူးနေရာမှာပဲ ဆက်ရှိနေပါတယ်။ ပြီးတော့ ခုချိန်မှာ ယူကရိန်းမှာ ရှိနေတဲ့ အစိုးရအရာရှိတွေနဲ့ အခြားသူတွေအပါအဝင် ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေအားလုံးရဲ့ ဘေးကင်းမှုအတွက် အမှန်တကယ် စိုးရိမ်နေမိပါတယ်” ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required