လက်တွေ့နှင့် မဟပ်မိသည့် ဆိုင်းဘုတ်များ မဖြစ်စေချင် မရှိစေချင်

လက်တွေ့နှင့် မဟပ်မိသည့် ဆိုင်းဘုတ်များ မဖြစ်စေချင် မရှိစေချင်

တစ်ခါတုန်းက စာကြည့်တိုက်တစ်ခုကို နိုင်ငံခြားသား ဧည့်သည်တစ်ဦး လာလည်ဖူးပါတယ်။ စာကြည့်တိုက်မှာက ဆိုင်းဘုတ်အမျိုးမျိုး ချိတ်ဆွဲထားပါတယ်။ ဆေးလိပ်မသောက်ရ။ စကားကျယ် ကျယ်မပြောရ။ စုံတွဲများ လာမထိုင်ရ။ စာအုပ်များကို ယူူကြည့်ပြီးလျင် သူ့နေရာမှန်တွင် ပြန်ထားပါ။ စာအုပ်စာပေ လူ့မိတ်ဆွေ။ အစရှိတဲ့ ဆိုင်းဘုတ်အတော်များများကို ချိတ်ဆွဲထားတာပါ။

လာရောက် ကြည့်ရှုလေ့လာတဲ့ နိုင်ငံခြားသားဧည့်သည်က မှတ်တမ်းစာအုပ်မှာ ပထမစာ ကြောင်းက စာကြည့်တိုက်ကို လေးစားပါတယ်ဆိုတဲ့အကြောင်းရေးပါတယ်။ ပြီးတော့မှ ကမ္ဘာပေါ်မှာ ရှိတဲ့ စာကြည့်တိုက်တွေထဲမှာ ဒီစာကြည့်တိုက်လောက် ဆိုင်းဘုတ်များတာ ဘယ်မှာမှမရှိပါဘူးလို့ လည်း ရေးထားခဲ့ပါတယ်။

ဒီလိုပါပဲ။ အကယ်၍သာ အဲဒီ နိုင်ငံခြားသားအနေနဲ့ မြန်မာပြည်အရပ်ရပ်ကို နှံ့စပ်အောင် လည်ပတ်မယ်ဆိုရင် ရွာတိုင်း လမ်းတိုင်း မြို့တိုင်းမှက များပြားလှတဲ့ ဆိုင်းဘုတ်တွေကို မလွဲမသွေ တွေ့မှာပါပဲ။ ဒီအခါကြရင်လည်း သူ့ မှတ်စုထဲမှာ မြန်မာပြည်လောက် ဆိုင်းဘုတ်များတာ ဘယ်မှာမှ မရှိဘူးလို့ ရေးကောင်းရေးမလားပါပဲ။

မြို့တမြို့ကိုရောက်မယ်ဆိုရင် မြို့အဝင်မှာ မြို့များ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေးသို့ ဆိုတဲ့ ဆိုင်းဘုတ်များကိုလည်း တွေ့ရတတ်ပါတယ်။ ပြည်သူ့သဘောထားဆိုတဲ့ ဆိုင်းဘုတ်၊ ဒို့တာဝန်အရေး သုံးပါး ဆိုတဲ့ဆိုင်းဘုတ်တွေက စတင်ပြီး အမှိုက်မပစ်ရ ပစ်လျင် ဒဏ်ငွေ တစ်သောင်းဆိုတဲ့ ဆိုင်းဘုတ်မျိုးအထိ နေရာအနှံ့တွေ့ ကြရပါတယ်။

ဆိုင်းဘုတ်တွေထားတာ ကောင်းပါတယ်။ ပြည်သူတွေအတွက် ဆောင်ရန်နဲ့ရှောင်ရန်များ၊ ဇာတိသွေး ဇာတိမာန် နိုးကြွစေရေးအစရှိတဲ့ စည်းရုံးလှုံ့ဆော်ရေးသဘောဖြစ်တာမို့ ဆိုင်းဘုတ်တွေ ရှိတာဟာ မူအားဖြင့် ကောင်းပါတယ်။ ဒါ့အပြင် မြေပုံလမ်းပြဆိုင်းဘုတ်တွေ၊ လူစီးယာဉ်တွေလိုက်နာ ရမယ့် သတိပေးဆိုင်းဘုတ်တွေ ဆိုတာလည်း လိုအပ်ပါတယ်။ ကောင်းပါတယ်။ ဒါပေမယ့် လက်တွေ့ နဲ့ မဟပ်မိတဲ့ လက်တွေ့မကျတဲ့ဆိုင်းဘုတ်တွေကိုတော့ မထားသင့်ပါဘူး။ ဥပမာ ြမို့ရွာများ အလျင် အမြန် ဖွံံ့ဖြိုးတိုးတက်ရေးသို့ဆိုတဲ့ ဆိုင်းပုတ်မျိုးက မထားသင့်ပါဘူး။ ဒီလိုဆိုင်းဘုတ်တွေ ထောင်ထား တာ နှစ် ၂၀ ကျော် ၃၀ နီးပါးသာ ကြာလာခဲ့တယ် မိမိတို့တိုင်းပြည် မြို့ရွာများ အလျင်အမြန် တိုးတက် လာပါရဲ့လား။ စောဒကတက်ဖွယ် ဖြစ်ပါတယ်။ တစ်ခါ ပြည်သူ့သဘောထားဆိုတဲ့ ဆိုင်းဘုတ်ဆိုရင် လည်း ဒီလိုပါပဲ။ အစိုးရက သူ့သဘောနဲ့သူ သူဖြစ်စေချင်တာကို ရိုးရိုးမဖေါ်ပြပဲ ပြည်သူတွေကပဲ တခဲနက်တောင်းဆို ဆုံးဖြတ်ချမှတ်ထားလို့ ပြည်သူ့သဘောထားဆိုပြီး ဆိုင်းဘုတ်ထောင်ရတဲ့ သဘောမျိုးနဲ့ ဒီလိုဆိုင်းဘုတ်တွေ ထောင်ထားတာဟာလည်း လူရယ်စရာ ဖြစ်စေပါတယ်။

ဒီကနေ့ ဖတ်ရှုရတဲ့ သတင်းတစ်ပုဒ်မှာတော့ မန္တလေးတိုင်းဒေသကြီးထဲက ငါးဇွန်၊ တောင်သာ၊ မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေထဲက ကျေးရွာအတော်များများမှာ ပြည်ခိုင်းဖြိုးရွာ လို့ရေးပြီးစိုက်ထူ ထားတဲ့ ဆိုင်းဘုတ်တွေကို ဒေသခံလူထုရဲ့ဆန္ဒအရ ပြန်လည် ဖြုတ်ချနေတယ်ဆိုတဲ့ သတင်းဖြစ် ပါတယ်။

ပြည်ခိုင်းဖြိုးရွာ ပြည်ခိုင်ဖြိုးလမ်း ပြည်ခိုင်ဖြိုးရပ်ကွက် ပြည်ခိုင်ဖြိုးရေတွင်း အစရှိတဲ့ နိုင်ငံရေး ပါတီကြီးတစ်ခုရဲ့ နာမည်နဲ့ ထောင်ထားတဲ့ ဆိုင်းဘုတ်တွေဆိုတာက အဲဒီအထက်က ကျေးရွာတွေ မှရယ်လို့ မဟုတ်ပါဘူး တနိုင်ငံလုံးမှာရှိတဲ့ ဒေသ အတော်များများမှာ အဲဒီလိုဆိုင်းဘုတ်တွေ တွေ့ကြ ရပါတယ်။

ဒါဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ ထောင်ခဲ့ကြတဲ့ဆိုင်းဘုတ်တွေဖြစ်တယ်ဆိုတာ အတိအကျ မသိကြရပေမယ့် နိုင်ငံရေးအမြတ်ထုတ်တဲ့ သဘောသက်ရောက်တာမို့ ပြည်ခိုင်ဖြိုးမှရယ်လို့ မဟုတ် မည်သည့် နိုင်ငံရေးပါတီမျှ သည်လိုဆိုင်းဘုတ်တွေ မထောင်ထားသင့်ပါဘူး။ ဒါကြောင့်မို့ ထောင်သမျှ ဆိုင်းဘုတ်များ လက်တွေ့နဲ့ ကိုက်ညီကြဖို့၊ နိုင်ငံရေး အမြတ်ထုတ်သည့်သဘော သက်ရောက်သည့် ဆိုင်းဘုတ်များ ဆက်လက်မထောင်မိကြဖို့ လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required