ဘားအံမြို့နယ်အတွင်း တိုက်ပွဲတွင် BGF တပ်သား၂ ဦးသေဟု KNU ထုတ်ပြန်

ဘားအံမြို့နယ်အတွင်း တိုက်ပွဲတွင် BGF တပ်သား၂ ဦးသေဟု KNU ထုတ်ပြန်

နိုဝင်ဘာ ၁၇

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ဖလံတောင်ကျေးရွာနှင့် နို့အောလာ ကျေးရွာကြားရှိ မဲသနချောင်း အနီးဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ် (BGF) တပ်သား နှစ်ဦး သေဆုံး၍ သုံးဦးဒဏ်ရာ ရသွားကြောင်း ကရင်အမျိုးသားအမျိုးသားအစည်းအရုံး (KNU) မှထုတ်ပြန်သည်။

ဗိုလ်ကြာအေး၊ ဗိုလ်လားသစ် နှင့် တင်ဝင်းဦးတို့ ပူးပေါင်းအဖွဲ့ ဖြစ်သည့် BGF (၁၀၁၄) တပ်ရင်း နှင့် KNLA တပ်ရင်း (၁)တို့ နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်းတွင် ဖြစ်ခဲ့သည့် တိုက်ပွဲကို ထုတ်ပြန်ခြင်း ဖြစ်သည်။

KNLA ဘက်မှ အထိအခိုက် မရှိခဲ့ကြောင်းနှင့် နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း BGF(၁၀၁၄ )တပ်ဖွဲ့နှင့် KNLA တပ်မဟာ (၁) ၊ တပ်ရင်း (၁) တို့ ထိတွေ့ ပစ်ခတ်မှု ဖြစ်ခဲ့သေးသည်ဟု ဆိုထားသည်။

အဆိုပါ BGF ပူးပေါင်း တပ်ဖွဲ့သည် လက်ရှိတွင် KNU-သထုံခရိုင်၊ ဘားအံမြို့နယ်၊ ဟတ္တလိုက် ကျေးရွာအုပ်စု အတွင်းရှိ ဖလံတောင်ကျေးရွာနှင့် ရေအေးကျေးရွာတို့တွင် တပ်စွဲ စခန်းချ ထားကြောင်း KNLA ၏ ဘားအံမြို့နယ် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

BGF တပ်ဖွဲ့ဝင်များသည် ဒေသခံများကို အတင်းအဓမ္မ ခေါ်ဆောင်ကာ ပေါ်တာဆွဲ စေခိုင်းပြီး လူသားဒိုင်းအဖြစ် အသုံးချနေကြောင်းလည်း KNU က သတင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required