သထုံမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းလက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ

သထုံမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းလက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ

နိုဝင်ဘာ ၁

မွန်ပြည်နယ်၊ သထုံမြို့၊ ကော့လှိုင်းကျေးရွာ၊ ထီးမင်္ဂလာကျောင်းအနီး တပ်စွဲထားသော စစ်ကောင်စီတပ်ကို လက်နက်ကြီးများဖြစ်သည့် အာပီဂျီ နှစ်လုံး၊ ၇၉ မမ သုံးလုံးဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သထုံပြည်သူ့ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ (၁) နှင့် သထုံပြည်သူ့ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ထိုတပ်စခန်းကို အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ နှစ်နာရီ ခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“ ငါးမိနစ်၊ ၁၀ မိနစ်လောက်ပဲ ကြာမယ်။ အပြန်အလှန်ပစ်တာ မဟုတ်ဘူး။ ဘာလို့ရယ်တော့ မသိဘူး။ သူတို့ပြန်မပစ်ဘူး” ဟု သထုံပြည်သူ့ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုများရှိခဲ့သော်လည်း အရေအတွက်ကို မသိရသေးကြောင်းနှင့် ဒေသခံပြောက်ကျားတပ်နှင့် KNLAဘက်မှ အထိအခိုက် အကျအဆုံး မရှိခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရသော တပ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ကျော်ခန့်ရှိနေပြီး ထီးမင်္ဂလာကျောင်းအနီး ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့က စတင်လာရောက် တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့တော့ သူတို့ နေရာပြောင်းသွားပြီလို့ သိရတယ်။ အထိအခိုက်တော့ မသိရသေးပါဘူး” ဟု သထုံပြည်သူ့ ပြောက်ကျားတပ်ဖွဲ့ ၏ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း သထုံမြို့နယ်၊ ထုံးဘိုကြီးကျေးရွာရှေ့ရှိ ကားလမ်းမပေါ်တွင် စစ်ကောင်စီတပ် အရာရှိလင်မယား စီးလာသော အိမ်စီးကား တစ်စီးကို KNLA တပ်မဟာ(၁)နှင့် သထုံပြည်သူ့ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ထိုသို့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အရာရှိလင်မယားသေဆုံးပြီး ပစ္စတိုသေနတ်တစ်လက်နှင့် ဖုန်းတစ်လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သထုံပြည်သူ့ ပြောက်ကျားတပ်ဖွဲ့က ယင်းနေ့တွင် သတင်းထုတ်ပြန်ခဲ့သေးသည်။

ဓာတ်ပုံ- သထုံပြည်သူ့ပြောက်ကျားတပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required