ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား နှင့် မြိုင်ရာဇာတာတေ ရုပ်ရှင် ဇာတ်ကား ရိုက်ကူးတော့မည်

ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား နှင့် မြိုင်ရာဇာတာတေ ရုပ်ရှင် ဇာတ်ကား ရိုက်ကူးတော့မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ။ ။ လပ်ကီးဆဲဗင်း ရုပ်ရှင် ထုတ်လုပ်ရေးမှ စီစဉ်ပြီး ဒါရိုက်တာ ခင်စောမျိုး(အဖေ့ပညာ) မှ ရိုက်ကူး ပုံဖော်မည့် ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား နှင့် မြိုင်ရာဇာတာတေ ရုပ်ရှင် ဇာတ်ကားကြီးကို ဒီဇင်ဘာ ၂၄ရက် မှ စတင်ပြီး ရိုက်ကူးသွားမည် ဖြစ်သည်။

ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား နှင့် မြိုင်ရာဇာတာတေ ရုပ်ရှင် ဇာတ်ကားကြီး၏ ကန်တော့ပွဲပေး အခမ်းအနားကို ဒီဇင်ဘာ ၂၃ရက်တွင် ရန်ကုန်မြို့ ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ကျင်းပခဲ့သည်။ 

လပ်ကီးဆဲဗင်း ရုပ်ရှင် ထုတ်လုပ်ရေးမှ ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား အမည်ဖြင့် ဒါရိုက်တာ ခင်စောမျိုး(အဖေ့ပညာ)က ရိုက်ကူး ပုံဖော်ခဲ့ကာ ယခုအခါတွင် ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား နှင့် မြိုင်ရာဇာတာတေကို ထပ်မံ ရိုက်ကူးခြင်း ဖြစ်သည်။

ယခင် ရိုက်ကူးပြီးသည့် ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား ဇာတ်ကားတွင် ဒေါက်တာ ဆိတ်ဖွား အဖြစ် အကယ်ဒမီ ဦးကျော်သူ၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ မင်းဦး၊ ထွန်းအောင်လွင်၊ စံရတီမိုးမြင့်၊ မေမြတ်နိုးတို့က ပါဝင် သရုပ်ဆောင်ခဲ့ကြသည်။

ဒါရိုက်တာ ခင်စောမျိုး (အဖေ့ပညာ)က "ပထမ ကားကတော့ ရတနာ ရှာတာပေါ့။ ဒီကားကတော့ အိမ်ထောင်ရေး နဲ့ ဒရမ်မာကို ရောထားတာပေါ့။ ဆရာ မင်းသိင်္ခ ရဲ့ ဝတ္တုတွေကို ရိုက်ခဲ့တာ ဇာတ်ကား ၅၀ကျော်ပြီ။ ရိုက်နေကျ အင်္ဂလိပ် ခေတ်က ပုံစံမျိုး ဆိုတော့ ပြင်ဆင်စရာတော့ မရှိပါဘူး။ ဒီမိုကရေစီ ကျတဲ့ အစိုးရ ပြည်သူတွေ လိုလားတဲ့ အစိုးရ မပေါ်မချင်း ဆိတ်ဖွား ရှင်သန် နေအုံးမှာပါ" ဟု ပြောသည်။

ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား နှင့် မြိုင်ရာဇာတာတေကို ဝတ္တု မင်းသိင်္ခ၊ ဇာတ်ညွှန်း လှဝင်း (A.I) ၊ ဒါရိုက်တာ ခင်စောမျိုး (အဖေ့ပညာ)၊ အနုပညာ အကြံပေး မောင်မျိုးထူး ဖြစ်ပြီး သရုပ်ဆောင်များ အဖြစ် ကျော်သူ၊ လူမင်း၊ ဗေလုဝ၊ ထွန်းလွင်အောင်၊ အေးမြတ်သူ၊ ရဲမွန် နှင့် အနုပညာရှင် များစွာ ပါဝင်ကြမည် ဖြစ်သည်။

လက်ကီးဆဲဗင်း ရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူး ပုံဖော်ထားသည့် ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား ရုပ်ရှင် ဇာတ်ကားကြီးကိုလည်း ၂၀၁၆ ခုနှစ် ဧပြီ လထဲတွင် ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများတွင် ပြသသွားရန် စီစဉ်ထားသည်။
လက်ကီးဆဲဗင်း ရုပ်ရှင် ထုတ်လုပ်ရေးမှ ကိုအုန်းဝင်းက " ဒီဇာတ်က ဗီဒီယိုထဲမှာ အောင်မြင်ခဲ့တဲ့ ဇာတ်တစ်ခုပါ။ အရင်က ဦးကျော်ဟိန်း ရိုက်ထားတဲ့ ဇာတ်ပေါ့။ ဒါကို ရုပ်ရှင် ဇာတ်ကားအဖြစ် ပြန်လည် ရိုက်ကူးတာပါ။ ဒီကားလေးက ဇာတ်လမ်း ဇာတ်အိမ် ရှိတယ်။ ပရိသတ်လည်း ကြိုက်မှာပါ" ဟု ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required