မြန်မာနိုင်ငံရှိ ဆာလောင်ငတ်မွတ်မှုကို ဖြေရှင်းပေးနိုင်ရန်အတွက် ရန်ပုံငွေလိုအပ်နေဟု WFP ပြော 

မြန်မာနိုင်ငံရှိ ဆာလောင်ငတ်မွတ်မှုကို ဖြေရှင်းပေးနိုင်ရန်အတွက် ရန်ပုံငွေလိုအပ်နေဟု WFP ပြော 

ဩဂုတ် ၆

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလှိုင်းတစ်ခုနှင့် နိုင်ငံရေး မငြိမ်မသက်မှုတို့ကို ကြုံတွေ့နေရစဉ်ကာလအတွင်း စားနပ်ရိက္ခာ မဖူလုံမှုနှင့် ရင်ဆိုင်နေရသော မြန်မာပြည်သူ သန်းနှင့်ချီတို့ကို ကူညီပေးနိုင်ရန်အလို့ငှာ ရှေ့လာမည့် ခြောက်လအတွက် ရန်ပုံငွေ လုံလောက်မှု မရှိသေးဟု ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က သြဂုတ် ၆ ရက်တွင် ထုတ်ပြန်သတိပေးသွားခဲ့သည်။ 

မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသော ဆာလောင်ငတ်မွတ်မှုကို ကူညီ ဖြေရှင်းပေးနိုင်ရန်အတွက် ဒေါ်လာ ၈၆ သန်း လိုအပ်နေကြောင်း WFP က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြောကြားသည်။ 

အရှေ့တောင်အာရှ မြန်မာနိုင်ငံသည် လက်ရှိကာလတွင် ကိုဗစ် - ၁၉ ကူးစက်ဖြစ်ပွားမှုများ မြင့်တက်နေမှုကို ရင်ဆိုင်တိုက်ဖျက်နေရသလို ဖေဖေါ်၀ါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေး‌ကောက်ခံ အစိုးရတစ်ရပ်ကို ဖြုတ်ချပြီး စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖရိုဖရဲ အခြေအနေများ ဖြစ်ပေါ်နေခဲ့သည်။ 

“မြန်မာနိုင်ငံမှာ ဆာလောင်ငတ်မွတ်မှုတွေဟာ ထပ်ပြီးတော့ ပျံ့နှံ့နေပြီး ပိုမို နက်ရှိုင်းလာတာကို မြင်တွေ့ထားရပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ညွှန်ကြားရေးမှူး စတီဖန် အန်ဒါဆင်က ထုတ်ပြန်ချက်တွင် ပြောခဲ့သည်။ 

ရှေ့လာမည့် ခြောက်လတွင် မြန်မာနိုင်ငံတွင် လူပေါင်း ၆ ဒသမ ၃ သန်းခန့် စားနပ်ရိက္ခာ မဖူလုံမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်းနှင့် ယင်းက ဖေဖေါ်၀ါရီလ စစ်အာဏာသိမ်းမှုမတိုင်မီ လူပေါင်း ၂ ဒသမ ၈ သန်းကနေ ပိုမို များပြားသွားခြင်း ဖြစ်ကြောင်း ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာမှု အဖွဲ့အစည်းက ခန့်မှန်းထားခဲ့သည်။ 

“အကူအညီ လိုအပ်နေသူအားလုံးထံ အကူအညီတွေ ရောက်ရှိစေနိုင်ဖို့နဲ့ သူတို့ကို လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ဖို့အတွက်လည်း လိုအပ်သည့် ရန်ပုံငွေကြေးတွေ လက်ခံရရှိဖို့ ကျွန်တော်တို့အတွက် အင်မတန် အရေးကြီးပါတယ်” ဟု အန်ဒါဆင်က ပြောသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required