အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ အိန္ဒိယနှင့် ကူဝိတ်ခရီးစဉ်တွင် တရုတ်နှင့် အာဖဂန်နစ္စတန် ကိစ္စများ ထိပ်တန်း ဦးစားပေးဖြစ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ အိန္ဒိယနှင့် ကူဝိတ်ခရီးစဉ်တွင် တရုတ်နှင့် အာဖဂန်နစ္စတန် ကိစ္စများ ထိပ်တန်း ဦးစားပေးဖြစ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် တရုတ်၊ ကိုရိုနာဗိုင်းရပ်စ်နှင့် အာဖဂန်နစ္စတန်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန်အတွက် လာမည့် သီတင်းပတ်အတွင်း အိန္ဒိယနှင့် ကူဝိတ်သို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ အားလုံးရုပ်သိမ်းခြင်းမပြုမီ အားနည်းချက်ရှိသူများကို အကဲဖြတ်ရန်၊ တရုတ်၏ ရန်လိုမှုတိုးမြှင့်လာခြင်းကို လျော့ချရန်၊ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ရောဂါတိုက်ဖျက်ရေးတွင် အမေရိကန်က ကာကွယ်ဆေးအတွက် ခေါင်းဆောင်မှုနေရာရရှိစေရေး အရှိန်မြှင့်တင်ရန်အတွက် အမေရိကန်အစိုးရက ကြိုးပမ်းသည့်အနေဖြင့် ယင်းခရီးစဉ်ကို လာရောက်ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး သည် ကူဝိတ်မြို့တော်သို့ မသွားရောက်မီ တစ်ရက်အလို ဇူလိုင်လ ၂၈ရက်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် နယူးဒေလီ၌ တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အင်ဒို-ပစိဖိတ်ဒေသနှင့် အခြားဒေသများတွင် တရုတ်၏ ကြီးထွားလာသော သြဇာလွှမ်းမိုးမှုကို တန်ပြန်ရာတွင် အိန္ဒိယသည် အမေရိကန် ကြိုးပမ်းမှု၏ အဓိကအစိတ်အပိုင်းဖြစ်သည်။

"ကိုဗစ်-၁၉ တုံ့ပြန်ရန် ကြိုးပမ်းမှုများ၊ အင်ဒို-ပစိဖိတ်ဒေသ ထိတွေ့ဆက်ဆံမှု၊ ဒေသတွင်း လုံခြုံရေး အကျိုးစီးပွားများမျှဝေခြင်း၊ ဒီမိုကရေစီတန်ဖိုးများ ဝေမျှခြင်းနှင့် ဥတုကပ်ဘေးကိုင်တွယ်ရန်” ကိစ္စရပ်များ ပါဝင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်က ဒေလီမြို့တွင် ပြုလုပ်မည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။

သြဂုတ်လကုန်ပိုင်းတွင် အမေရိကန်တပ်များ အာဖဂန်နစ္စတန်မှ ရုပ်သိမ်းပြီးနောက် အာဖဂန်နစ္စတန် တည်ငြိမ်ရေးအတွက် အိန္ဒိယ၏ ပံ့ပိုးမှုကို ရရှိရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ကြိုးစားလိမ့်မည်ဟု တောင်နှင့် ဗဟို အာရှ ထိပ်တန်း အမေရိကန်သံတမန် ဒင်းတွန်ဆန်က ပြောကြားခဲ့သည်။

“ ဒေသတွင်း နိုင်ငံအားလုံးက တည်ငြိမ်ပြီး လုံခြုံစိတ်ချရတဲ့ အာဖဂန်နစ္စတန်အဖြစ် ရှေ့ဆက်သွားဖို့အတွက် စိတ်ဝင်စားကြလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ဒီရည်မှန်းချက်ကို အကောင်အထည် ဖော်ရေးအတွက် အတူတကွ ဘယ်လိုလုပ်ဆောင်နိုင်ကြောင်းကို အိန္ဒိယက မိတ်ဖက်တွေနဲ့ ပြောဆို ဆွေးနွေးဖို့အတွက် ကျွန်တော်တို့ သေချာပေါက် မျှော်လင့်ထားပါတယ်” ဟု သူက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဘလင်ကန်သည် သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ပါဝင်သည့် Quad ဟုခေါ်သည့် အဖွဲ့မှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသလို အမေရိကန် သမ္မတဂျိုးဘိုင်ဒင်သည် ယင်းအဖွဲ့မှ ခေါင်းဆောင်များနှင့် တရုတ်၏ ခြိမ်းခြောက်မှု၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအကြောင်းကို အဓိက ဆွေးနွေးသည့် အွန်လိုင်းမှ တွေ့ဆုံမှုကို ၂၀၂၁ ခုနှစ် အစောပိုင်းတွင် ပြုလုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်အကုန်တွင် လူကိုယ်တိုင်တက်ရောက်သည့် အစည်းဝေးကို ပြုလုပ်ရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required