ပါကစ္စတန်ရှေ့နေတစ်ဦးက ခိုအီနောစိန်ပွင့်ကြီးကို ပြန်ပေးရန် ဗြိတိသျှဘုရင်မကြီးထံ မေတ္တာရပ်ခံ

ပါကစ္စတန်ရှေ့နေတစ်ဦးက ခိုအီနောစိန်ပွင့်ကြီးကို ပြန်ပေးရန် ဗြိတိသျှဘုရင်မကြီးထံ မေတ္တာရပ်ခံ

လာဟိုး၊ ဒီဇင်ဘာ - ၇ ။          ။ ကိုလိုနီခေတ်အတွင်းက ဗြိတိန်က အိန္ဒိယအား အဓမ္မဆက်သခိုင်းခဲ့သည့် နာမည်ကျော် ခိုအီနော (Koh-i-Noor)စိန်ကို ပြန်လည်ပေးအပ်ရန် ပါကစ္စတန်ရှေ့နေတစ်ဦးက ဒီဇင်ဘာလ ၃ရက်နေ့တွင် ရုံးတော်တစ်ခုသို့ မေတ္တာရပ်ခံလွှာ တင်သွင်းခဲ့သည်ဟု ဆိုသည်။

တစ်ခေတ်တစ်ခါက ကမ္ဘာပေါ်တွင် အကြီးဆုံးစိန်ပွင့်အဖြစ် လူသိများကျော်ကြားခဲ့သည့် ၁၀၅ကာရတ်ရှိ ခိုအီနောမှာ ဗြိတိန်ဘုရင်မကြီးပိုင် ရတနာများတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ ထိုစိန်ပွင့်ကို ဒုတိယမြောက် အဲလိဇဘတ် ဘုရင်မကြီး၏ မယ်တော်က နန်းတက်ပွဲအခန်းအနားတွင် သရဖူတွင် မြှုပ်နှံ၍ နောက်ဆုံးဝတ်ဆင်ခဲ့သည်ဟု ဆိုသည်။

ရှေ့နေ ဂျာဝိတ် အစ်ဘယ် ဂျာဖရီက ဒုတိယမြောက် အဲလိဇဘတ်ဘုရင်မကြီးသို့ လိပ်မူထားသည့် မေတ္တာရပ်ခံလွှာကို ဗုဒ္ဓဟူးနေ့တွင် နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့မှ ရုံးတော်တစ်ခုသို့ တင်သွင်းခဲ့သည်ဟု ဆိုသည်။ လျှောက်လွှာထဲတွင် ယခု လန်ဒန်မျှော်စင်တွင် ပြသထားသည့် စိန်ပွင့်ကြီးကို ဗြိတိန်က ပြန်ပေးရန် တောင်းဆိုထားသည်။

အိန္ဒိယကလည်း ထိုစိန်ပွင့်ကြီးမှာ နိုင်ငံ၏ သမိုင်းနှင့် ယဉ်ကျေးမှုအတွက် ခွဲခွာမရသည့် အစိတ်အပိုင်းတစ်ခုဖြစ်နေသောကြာင့် ပြန်လည်ပေးအပ်ရန် ထပ်တလဲလဲ တောင်းဆိုနေခဲ့သည်။

ဗြိတိသျှ ကိုလိုနီအုပ်ချုပ်စဉ်ကာလအတွင်း ၁၈၅၀ခုနှစ်တွင် အိန္ဒိယဘုရင်ခံက ဧရာမစိန်ပွင့်ကြီးကို ဝိတိုရိယဘုရင်မကြီးအား ဆက်သရန် စီစဉ်ခဲ့သည်။

၁၉၄၇တွင် ဗြိတိန်လက်အောက်မှ လွတ်မြောက်လာသည့်အခါတွင် ဟင်ဒူအများစု အိန္ဒိယနှင့် မွတ်စလင်အများစု ပါကစ္စတန်ဟူ၍ သီးခြားနိုင်ငံများ ဖြစ်လာခဲ့ကြသည်။

ရှေ့နေဂျာဖရီက ရိုက်တာသို့ ပြောကြားချက်အရ ခိုအီနောကို မူလက ပါကစ္စတန်၏ ပန်ဂျပ်ပြည်နယ်မှ ပိုင်ခဲ့ပြီး ထိုစဉ်က ဒေသခံစော်ဘွားထံမှ ဗြိတိသျှတို့က ခြိမ်းခြောက်၍ အဓမ္မ ယူဆောင်သွားခဲ့သည်ဟု ဆိုသည်။

‘အခုတော့ ပါကစ္စတန်ကို ပြန်ပေးသင့်ပါပြီ’ဟု ဂျာဖရီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required