မန္တလေးဆိပ်ကမ်းတွင် ရေလမ်းအကောက် စခန်းစတင် ဖွင့်လှစ်ကောက်ခံ

မန္တလေးဆိပ်ကမ်းတွင် ရေလမ်းအကောက် စခန်းစတင် ဖွင့်လှစ်ကောက်ခံ

မန္တလေး၊ ဒီဇင်ဘာ ၁ ။        ။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစ်ကြောင်းသွား ရေယာဉ်များကို ရေလမ်းဖြတ်သန်းခ ကောက်ခံရန် အကောက်စခန်းအား မီးသွေးတိုက်ကျေးရွာအုပ်စု၊ ဆင်ကျုံးရွာ ဆိပ်ကမ်းတွင် ဒီဇင်ဘာ ၁-ရကနေ့က စတင်ပြီး ဖွင့်လှစ်ကောက်ခံနေပြီဖြစ်သည်။

အဆိုပါ ရေလမ်းအကောက်စခန်းမှာ မန္တလေး-ဧရာဝတီဆိပ်ကမ်းတွင် ပထမဆုံး စတင်ကောက်ခံခြင်းဖြစ်ပြီး နံနက် ၆-နာရီမှ စတင်လုပ်ဆောင်ခြင်းဖြစ်ရာ ညနေ ၆နာရီထိ ၆၈စီးကောက်ခံခဲ့ရာတွင် တွဲယာဉ် ၁၈-စီး နှင့် ၎င်းအား တွန်းပို့မောင်းနှင်သည့် တွန်းရေယာဉ် ၁၈-စီး၊ လုံးချင်းရေယာဉ် ၃၂-စီးပါဝင်ကြောင်း သိရသည်။

"ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေပြဌာန်းချက်များအတိုင်း ကောက်ခံတာပါ။ ရရှိလာတဲ့ အခွန်ငွေကို ရေယာဉ်များအန္တရာယ်ကင်းစွာ ခုတ်မောင်းသွားလာနိုင်ရေး အတွက် မြစ်ချောင်းများ ပြုပြင်ထိန်းသိမ်းရာမှာ ပြန်လည်အသုံးပြုမှာဖြစ်တယ်။"ဟု ရေအရင်းအမြစ် နှင့် မြစ်ကြောင်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်မှူး ဦးသိန်းရွှေက ပြောသည်။

ဧရာဝတီ နှင့် ချင်းတွင်းမြစ်ကြောင်းအတွင်း သွားလာနေကြသည့် ရေယာဉ်များအား ရေလမ်းဖြတ်သန်းခအကောက် စခန်း၁၀-ခုကို ဖွင့်လှစ်ကောက်ခံမည်ဖြစ်ပြီး ဧရာဝတီမြစ်အတွင်း ပြည်၊ မကွေး နှင့် ချင်းတွင်းမြစ်ကြောင်းတွင် မုံရွာမြို့၌ ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

“ကောက်ခံနှုန်းက အဆင်ပြေပါတယ်။ ကောက်ခံတဲ့ငွေနဲ့ ရေကြောင်းကောင်းဖို့ ရေလမ်းချဲ့တာတို့၊ သောင်တူးတာတို့ လုပ်ပေးရင် သွားလာနေတဲ့ ရေယာဉ်တွေ ခရီးမဖင့်တော့ဘူး။ လုပ်သင့်တဲ့ လုပ်ငန်း ပါ။”ဟု ဟုမ္မလင်း-ဗန်းမော်သွား ရေယာဉ်ပိုင်ရှင် ကောင်းဆက်ဓနရေယာဉ်အသင်းမှ ဦးကျော်လင်း  ကပြောသည်။

မုံရွာ ဆိပ်ကမ်းတွင် ရေယာဉ်အချို့က အကောက်စခန်းကို သိရှိမှုနည်းခြင်းကြောင့် ကျော်လွန်မောင်းနှင်မှုများရှိပြီး စက်လှေဖြင့်လိုက်လံကောက်ခံရကြောင်း မုံရွာအကောက် စခန်းမှ လက်ထောက် ညွှန်မှူးဦးတင်အောင်ထွန်း ထံမှ သိရသည်။

"လက်ရှိတော့ ရေလယ်ကနေ ကောက်နေတယ်။ တချို့ကျတော့ စက်လှေသုံးရတာပေါ့။ ကောက်ခံတဲ့အခါ ရေလမ်းကြောင်းကောင်းတဲ့ ရေနက်အိုးနေရာ ရွှေးပြီး လုပ်ရတယ်။”ဟု ၎င်းက ပြောသည်။

ကောက်ခံသည့် နှုန်းများမှာ  ၃၉-ပေအောက် ရေယာဉ်များအား တစ်တန်လျင် ၂၀၀-ကျပ်၊၃၉-ပေ အထက် ရေယာဉ်များအား တန်တစ်ရာအထိ တစ်တန်လျင်၅၀-ကျပ် နှင့် သစ်လုံးတစ်လုံး ၃၀-ကျပ်၊ မျှောတိုင်တစ်ချောင်း ငါးကျပ်၊ ရိုးရိုးဝါးတစ်လုံး နှစ်ကျပ်ခွဲနှုန်းဖြင့် ကောက်ခံနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required