မြန်မာစစ်တပ်နဲ့ နှီးနွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေဖိအားပေးခံနေရ 

မြန်မာစစ်တပ်နဲ့ နှီးနွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေဖိအားပေးခံနေရ 
Photo - AFP

ဧပြီ ၂၃

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်နဲ့နှီးနွယ်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဖိအားပေး အရေးယူမှုတွေကိုခံနေရကြောင်း Justice for Myanmar အဖွဲ့ရဲ့ထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်။ 

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) နဲ့ အလုပ်တွဲလုပ်နေတဲ့ အဒါနီစီးပွားရေးအုပ်စုကြီးဆိုရင် လူ့အခွင့်အရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေရဲ့ တင်ပြမှုတွေကြောင့် အမေရိကန်နဲ့ ယူကေနိုင်ငံတို့က ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ထားခဲ့ပါတယ်။ 

မြန်မာစစ်တပ်ကို ဘဏ္ဍာရေးအထောက်အပံ့လုပ်ပြီး လူ့အခွင့်အရေးတာဝန်ရှိမှုတွေကို ဂရုမပြုတဲ့ အဒါနီ ဆိပ်ကမ်းနဲ့အခြားစီးပွားရေးလုပ်ငန်းတွေဟာ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ နောက်ဆက်တွဲအကျိုးဆက် တွေရှိလာမယ်ဆိုတာကိုပြသနေပါတယ်” လို့ Justice for Myanmar ၏ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောပါတယ်။ 

ဧပြီ ၁၆ ရက်နေ့မှာတော့ မြန်မာစစ်အစိုးရနဲ့လုပ်ကိုင်နေတဲ့ သံမဏိလုပ်ငန်းကိုရပ်ဆိုင်းလိုက်တဲ့ POSCO ကို ကြိုဆိုလိုက်ပြီး အခြားစီးပွားရေး အဆက်အဆံအားလုံးကိုချက်ချင်းရပ်ဆိုင်းဖို့ Justice For Myanmar နှင့် ကိုရီးယားအရပ်ဖက်အဖွဲ့အစည်းတို့က တောင်းဆိုခဲ့ပါတယ်။ 

POSCO ဓာတ်ငွေ့ထုတ်လုပ်မှု နှင့် ပိုက်လိုင်းတွေကလည်း စစ်အစိုးရရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် ငွေကြေးထောက်ပံ့ပေးနေပြီး Lotte ဟိုတယ်လုပ်ငန်းကလည်း မြန်မာစစ်တပ်၏စစ်ထောက်ချုပ်ကို ဘဏ္ဍာရေးထောက်ပံ့ပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ 

မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ တောင်ကိုရီးယားကုမ္ပဏီများအကြောင်း တိုင်ကြားစာကို ကိုရီးယားလူ့အခွင့်အရေးကော်မရှင်၊ လူ့အခွင့်ရေး ကမ္ဘာတလွှားစီးပွားရေးလုပ်ငန်းကြီးများနှင့် အခြားစီးပွားရေးလုပ်ငန်းများဆိုင်ရာ ကုလသမဂ္ဂအလုပ်အဖွဲ့၊ တောင်ကိုရီးယားနိုင်ငံ၏ OECD ဆိုင်ရာ အမျိုးသားဆုံရပ်တို့ဆီ ၂၀၂၀ ခုနှစ် နိုဝင်ဘာလက ပေးပို့တိုင်ကြားခဲ့တာဖြစ်ပါတယ်။ 

ဧပြီ ၂၀ ရက်မှာတော့ ငွေတောင်းခံလွှာတွေ တွက်ချက်ထုတ်ပေးတဲ့ဝန်ဆောင်မှုလုပ်ကိုင်တဲ့ Fortumo ကလည်း Mytel နဲ့လုပ်ကိုင်တဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းကြောင်း သူရဲ့မိခင်ကုမ္ပဏီက ကြေငြာလိုက်ပါတယ်။  Boku ကိုအမေရိကန်မှာ ခြေစိုက်ထားပြီး လန်ဒန်စတော့ဈေးကွက် AIM တွင်စာရင်းဝင်တဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ 

အလားတူပဲ မြန်မာ့ပုလဲလုပ်ငန်းကို အမေရိကန်က ပိတ်ဆို့အရေးယူဖို့ သတ်မှတ်ကြေငြာလိုက်ပြီးနောက် မြန်မာစစ်တပ်နှင့် စီးပွားရေးလုပ်ကိုင်နေခြင်းကို ရပ်ဆိုင်းရန် လူသိများ ထင်ရှားတဲ့ အဆင့်မြင့်ပုလဲကုမ္ပဏီဖြစ်တဲ့ TASAKI ကို Human Rights Now နှင့် Justice For Myanmar တို့က ဧပြီ ၂၁ ရက်နေ့မှာ တောင်းဆိုခဲ့ပါတယ်။ 

ဝင်ငွေခွဲဝေရယူရေးသဘောတူညီချက်နဲ့ မြန်မာ့ပုလဲလုပ်ငန်း (MPE) နဲ့ လုပ်ကိုင်နေတဲ့ TASAKI ရဲ့ ပုလဲမွေးမြူရေးစခန်းတွေဟာ တနင်္သာရီတိုင်းမှာရှိပြီး မူရင်းဇာတိ ဆလုံလူမျိုးတွရဲ့ မြေနဲ့ ရေပိုင်ဆိုင်ခွင့်တွေကို ဆုံးရှုံးစေကြောင်းလည်းပြောပါတယ်။ 

ဒါ့အပြင် မကြာခင်က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ TASAKI ရဲ့ မြန်မာလုပ်ငန်းခွဲဟာ မြန်မာငွေ ၁ ဘီလီယံတန်ဖိုးရှိ ပုလဲတွေ ၂၀၀၇-၂၀၀၈ ခုနှစ်အတွင်းမှာ ထုတ်လုပ်ခဲ့တယ်လို့သိရပါတယ်။ အများစုကတော့ ပြည်ပပို့ဖို့ဖြစ်ပြီး ဂျပန်၊ ဩစတြေလျ၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဟောင်ကောင်၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှာရှိတဲ့ အရောင်းဆိုင်တွေကနေ ရောင်းချနေတာပါ။ 

ဧပြီ ၂၂ ရက်မှာတော့ မလေးရှားရဲ့အချမ်းသာဆုံးသူဌေးဖြစ်တဲ့ Robert Kuok ရဲ့ တူမ Kay Kuok Oon Kwong လည်း မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် ဖိအားပေးခံခဲ့ရပါတယ်။ 

သူပိုင်ဆိုင်တဲ့ Traders Square Company ဟာ ရန်ကုန်မြို့ ဆူးလေပန်းခြံနားမှာ ရုံးခန်းတွေနဲ့ လက်လီကုန်ပဒေသာကြီးတစ်ခုကို ပိုင်ဆိုင်ထားကြောင်း Justice for Myanmar အဖွဲ့က ပြောပါတယ်။ 

ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံးက မိခင်ကုမ္ပဏီဖြစ်တဲ့ ရှန်ဂရီလာအာရှ ကနေတစ်ဆင့် ဆူးလေပန်းခြံ မြေနေရာမြို့ကွက်ဖော်ထုတ်ရေးအတွက် မြေငှားရမ်းခဲ့တယ်လို့လဲ ဆိုပါတယ်။ 

ဒါကြောင့် လူတစ်ထောင်နီးပါးက လက်မှတ်ရေးထိုးပြီး သူတာဝန်ထမ်းဆောင်နေတဲ့ စင်္ကာပူ နိုင်ငံ ယေးလ်- NUS ကောလိပ်အုပ်ချုပ်ရေးဘုတ်အဖွဲ့မှ ထုတ်ပယ်ရန် တောင်းဆိုခဲ့တာလို့ သိရပါတယ်။ Kay Kuok Oon Kwong ဟာ စင်္ကာပူနိုင်ငံ ရှန်ဂရီလာဟိုတယ်လီမိတက်ရဲ့ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားသူလည်းဖြစ်ပါတယ်။ 

ဧပြီ ၂၂ ရက်နေ့မှာပဲ စစ်တပ်တပ်ရဲ့စီးပွားရေးအတွက် အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သမီးဖြစ်သူ ပိုင်ဆိုင်တဲ့ Pinnacle Asia ကို ငွေချေးပေးတဲ့အပေါ် အရေးပေါ်အရေးယူဆောင်ရွက်ရန် ရိုးမဘဏ်လီမိတက်ရှယ်ယာရှင်တွေဖြစ်ကြတဲ့ IFC၊ GIC နဲ့ Norfund တို့ကို Justice For Myanmar မှ တောင်းဆိုလိုက်ပြန်ပါတယ်။ 

ထိုငွေကြေးအဖွဲ့အစည်း ၃ ခုပေါင်းလျှင် ရိုးမဘဏ်၌ အစုရှယ်ယာစုစုပေါင်း၏ ၃၄ % ကို ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။  

မြန်မာစစ်တပ်က ထိန်းချုပ်တဲ့ မိုဘိုင်းအော်ပရေတာ Mytel အတွက် တာဝါတိုင်တွေ ဆောက်လုပ်ဖို့ ၁.၈ ဘီလီယံကျပ်ရှိ ချေးငွေကို Pinnacle Asia ဆီ ၂၀၂၀ ခုနှစ်တုန်းက ချေးပေးခဲ့တာလည်းဖြစ်ပါတယ်။  

အခုရေးသားထားတာတွေဟာ Justice for Myanmar အဖွဲ့က ရရှိတဲ့သတင်းအချက်တွေ ကိုးကားထားတာဖြစ်ပါတယ်။ Justice for Myanmar အဖွဲ့ဟာ စစ်တပ်နဲ့ပက်သက်တဲ့ အလက်အချက်တွေကို စုံစမ်းဖော်ထုတ်ရေးသားနေတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly