ကိုဗစ်ကာလ ရွေးကောက်ပွဲမဲဆွယ်ခွင့် ကျန်းမာရေး၊နိုင်ငံရေးပါတီနှင့်UEC တို့ ဆွေးနွေးသင့်ဟုဆို

ကိုဗစ်ကာလ ရွေးကောက်ပွဲမဲဆွယ်ခွင့် ကျန်းမာရေး၊နိုင်ငံရေးပါတီနှင့်UEC တို့ ဆွေးနွေးသင့်ဟုဆို
Photo - Union Election Commission

ဩဂုတ် ၃၁

ကိုဗစ်ကာလအတွင်းကျင်းပမယ့် ရွေးကောက်ပွဲမဲဆွယ်ခွင့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ကျန်းမာရေးဝန်ကြီး ဌာန၊ နိုင်ငံရေးပါတီတို့နဲ့ တွေ့ဆုံဆွေးနွေးသင့်တယ်လို့ ပါတီတွေနဲ့ ရွေးကောက်ပွဲလေ့လာသုံးသပ်သူတချို့ကပြောပါတယ်။

ရွေးကောက်ပွဲဉပဒေအရဆိုရင် နိုင်ငံရေးပါတီတွေဟာ စက်တင်ဘာ ၈ ရက်နေ့ကစပြီး ရက်ပေါင်း ၆၀ အတွင်း မဲဆွယ်စည်းရုံးခွင့် ရတော့မှာလည်းဖြစ်ပါတယ်။  

“ ဒီလိုကာလထဲမှာရွေးကောက်ပွဲလုပ်ဖို့ကို ဘယ်လိုဆက်လုပ်မလဲဆိုတဲ့ဟာကို ပထမဆုံးအနေနဲ့ ကော်မရှင်အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနလိုဟာမျိုး၊ တခြားအစိုးရအဖွဲ့အစည်းတွေနဲ့ နောက်ပြီးတော့ နိုင်ငံရေးပါတီတွေနဲ့ဆွေးနွေးပြီးတော့မှ ဒီအခြေအနေကိုသုံးသပ်သင့်တယ် ” လို့ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

နောက်ပြီးတော့ ကော်မရှင်အနေနဲ့ မဲဆွယ်ကာလမှာ နိုင်ငံရေးပါတီတွေ ဘယ်လိုမျိုးမဲဆွယ်စည်းရုံးရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေကိုလဲ ထုတ်ပြန်ပေးသင့်တယ်လို့လဲ သူကဆိုပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)နဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)အပြင် ရခိုင်အမျိုးသားပါတီ(ANP) တို့ကလည်း ရွေးကောက်ပွဲ ကော်မရှင်ကနေပြီး ရွေးကောက်ပွဲမဲဆွယ်ခွင့်အတွက်တရားဝင်ထုတ်ပြန်ချက်ကိုစောင့်ကြည့်နေကြောင်းဆိုပါတယ်။

“ ပြည်သူနဲ့ထိတွေ့ဆက်ဆံတဲ့အပိုင်းလည်း အားနည်းသွားတာပေါ့ဗျာ။ ဒါပေမယ့်မတတ်နိုင်ဘူးလေ။ အခြေအနေအရလုပ်ရတဲ့ဟာကိုး။ ဒါကြောင့် ရောဂါအခြေအနေအရအကောင်းဆုံးဖြစ်အောင်တော့ ကျွန်တော်တို့ကြိုးစားလုပ်ဆောင်သွားမှာဖြစ်တယ်ဗျ ” လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီ ဉက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာကပြောပါတယ်။  

ကိုဗစ်အခြေအနေကြောင့် ရွေးကောက်ပွဲကိုထိခိုက်လာနိုင်တယ်ဆိုတာကတော့ မဇ္ဈိမကမေးမြန်းခဲ့တဲ့ပါတီတွေအကုန်လုံးက သဘောတူကြပါတယ်။  

ဒါပေမယ့်လို့ တခြားပြည်နယ်နဲ့တိုင်းတွေနဲ့ မတူညီဘဲ ရွေးကောက်ပွဲ မဲဆွယ်ခွင့်အပြင်၊ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ပါ ပိုပြီးခက်ခဲနေနိုင်တာကတော့ ရခိုင်ပြည်နယ်ပါ။

ရခိုင်အမျိုးသားပါတီ ဒုဉက္ကဋ္ဌ ဒေါ်အေးနုစိန်ကတော့ ရခိုင်ပြည်နယ်ဟာ လက်ရှိမှာ ကိုဗစ်ရောဂါဖြစ်ပွားနေမှုတွေအပြင် စစ်ပွဲတွေကလည်း ရှိနေသေးတာကြောင့် အဆင်မပြေနိုင်ဘူးလို့ ပြောပါတယ်။

“ အခုကိုဗစ်နဲ့ဘယ်လောက်ပဲ ကန့်သတ်ထားပါစေ။ အခုကျွန်မစကားပြောနေတဲ့အချိန်မှာပဲ ရသေ့တောင်၊ စေတီပြင်မှာတစ်ယောက်ဆုံးပြီ။ ပစ်ခတ်ခံရတဲ့အတွက်” လို့ သူကပြောပါတယ်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် ရန်ကုန်တိုင်းမှာ လူစုလူဝေးနဲ့ ဟောပြောစည်းရုံးတာတွေ မလုပ်တော့ဘူးလို့ NLD တာဝန်ရှိသူကလည်းပြောဆိုထားပါတယ်။

ဒါပေမယ့်လို့ ကိုဗစ်ရောဂါကူးစက်မှုတွေများပြားနေတဲ့ရခိုင်ပြည်နယ်မှာတော့ တစ်ပြည်နယ်လုံးမှာ Stay at Home ကြေညာထားသလို ကူးစက်မှုမရှိသေးတဲ့မြို့နယ်ကလည်း ၂ ခုပဲကျန်ပါတော့တယ်။

ဒါကြောင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာကျင်းပဖို့ရှိနေတဲ့ အထွေထွေရွေးကောက်ပွဲအတွက်ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်အပေါ်မှာ အများကြီးမူတည်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required