စစ်ပွဲအတွက် ပြင်ဆင်ထားရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်တပ်ကို တိုက်တွန်း ကာကွယ်ရေး အသုံးစရိတ်တိုးမြှင့်

စစ်ပွဲအတွက် ပြင်ဆင်ထားရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်တပ်ကို တိုက်တွန်း ကာကွယ်ရေး အသုံးစရိတ်တိုးမြှင့်

မေ ၂၉

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက အမျိုးသားလုံခြုံရေးအပေါ်တွင် သိသာထင်ရှားသည့် သက်ရောက်မှု တစ်ခု ရှိနေကြောင်းပြောဆိုကာ လက်နက်ကိုင် တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန်၊  တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်တပ်ကို တိုက်တွန်းထားသည်။  

ကြာသပတေးနေ့က သမ္မတ ရှီကျင့်ဖျင်က ပြောရာတွင် တရုတ်အနေဖြင့် ယင်း၏ စစ်တပ်ကို အင်အားကောင်းနေစေရန် လုပ်ဆောင်ထားရမည်ဖြစ်ကြောင်း၊ အဘယ့်ကြောင့် ဆိုသော် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက တစ်ကမ္ဘာလုံး၏ အခြေအနေနှင့် တရုတ်၏ လုံခြုံရေးအပေါ်တွင် “အလွန်လေးနက်သော” သက်ရောက်မှုတစ်ခု ရှိထားစေခဲ့ခြင်းကြောင့်ဟု ပါရှိသည်။

တိုက်ပွဲ ကြိုတင်ပြင်ဆင်မှုများ အသင့်ပြင်ထားရန်နှင့် ပြောင်းလွယ် ပြင်လွယ် ရှိသည့် နည်းလမ်းတစ်ရပ်ဖြင့် စစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်ရန် ရှီက စစ်တပ်ကို ညွန်ကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ China Daily က ဖော်ပြသည်။

“လက်နက်ကိုင်တပ်တွေအနေနဲ့ ကဏ္ဍတစ်ခုချင်းစီတိုင်းမှာ စစ်ဆင်ရေးဆိုင်ရာ လုပ်နိုင်စွမ်းတွေကို တိုးတက်အောင် လုပ်ရပါလိမ့်မယ်” ဟု ရှီက ပြောသည်။

COVID-19 ကြိုတင်ကာကွယ်မှု အစီအမံများအောက်တွင် လေ့ကျင့်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ခြင်းကို စစ်တပ်အနေဖြင့် လေ့ကျင့်ကြရလိမ့်မည် ဖြစ်ကြောင်း ရှီက ထပ်မံ ပြောကြားခဲ့သည်။

တိုက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်းသာမကဘဲ တရုတ်အနေဖြင့် ယင်း၏ လက်နက်ကိုင်တပ်ဖွဲ့အတွက် ဘဏ္ဍာငွေ အသုံးစရိတ်ကို တိုးမြှင့်ထားခဲ့သည်။ ကပ်ရောဂါကြောင့် ကြီးမားသည့် စီးပွားရေး ကျဆင်းမှု ရှိနေသော်ငြား စစ်ဘက် ဘတ်ဂျက်အသုံးစရိတ်ကို ၆ ဒသမ ၆ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း တရုတ်က ပြီးခဲ့သည့်အပတ်တွင် ကြေညာခဲ့သည်။

ဘေဂျင်း၏ ကာကွယ်ရေး ဘတ်ဂျက်သည် အချိန်ကာလများနှင့် သင့်လျော်မှု ရှိခဲ့ကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဝူ ချန်က ပြောသည်။

“ကမ္ဘာကြီးက မငြိမ်းချမ်းဘူးလို့လည်း ပြောနိုင်ပါတယ်” ဟု ဝူ က ပြီးခဲ့သည့်အပတ် အမျိုးသားပြည်သူ့ကွန်ဂရက်၏ ဘေးပန်းပြင်ပတွင် ပြောခဲ့သည်။

“တရုတ်ရဲ့ ပြည်တွင်း လုံခြုံရေးနဲ့ ပြည်ပ အကျိုးစီးပွားတွေဟာ အစစ်အမှန် ခြိမ်းခြောက်မှုတချို့နဲ့ ရင်ဆိုင်နေရပါတယ်၊ ဒါကြောင့်လည်း တရုတ်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို အတန်အသင့်နဲ့ မှန်မှန် တိုးမြင့်တာက သင့်လျော်မှု ရှိသလို လိုလည်း လိုအပ်ပါတယ်” ဟု ၎င်းက ပြောသွားသည်။

COVID-19 ကပ်ရောဂါ ကိုင်တွယ်ဆောင်ရွက်ပုံနှင့်ပတ်သက်၍ တရုတ်အနေဖြင့် အခြားနိုင်ငံများ၏ ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရချိန် ယခုကဲ့သိ့ု စစ်ဘက် အသုံးစရိတ် တိုးမြှင့်ခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ အထင်မြင်မှားစေရန် တရုတ်တို့ဘက်က ကမ္ဘာကို လှည့်စားထားခဲ့ကြောင်း အမေရိကန်နှင့် အခြားနိုင်ငံများက စွပ်စွဲထားခဲ့သည်။

ထို့ပြင် ဗိုင်းရပ်စ်၏ မူလဇာစ်မြစ်နှင့်ပတ်သက်၍ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် တောင်းဆိုမှုများလည်း တိုးမြင့်ဖြစ်ပေါ်လျက် ရှိသည်။

COVID-19 ၏ မူလဇာစ်မြစ်နှင့်ပတ်သက်၍ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ရေး သြစတြေးလျ၏ တောင်းဆိုမှုကို ထောက်ခံသည့် နိုင်ငံ ၆၂ နိုင်ငံထဲတွင် နယူးဇီလန်လည်း ပါဝင်သည်။ သို့သော် နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဒန်းက သူမအနေဖြင့် အပြစ်ဖို့ရန် သို့မဟုတ် “မလိုလားအပ်သူကို ဖယ်ရှားသုတ်သင်ရေး” တို့တွင် ပူးပေါင်းပါဝင်ရန် စိတ်မဝင်စားဟု ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required