“သူရဦးရွှေမန်း ကံကြမ္မာ ဘာဖြစ်လာနိုင်သလဲ”

“သူရဦးရွှေမန်း ကံကြမ္မာ ဘာဖြစ်လာနိုင်သလဲ”

နိုဝင်ဘာ ၄ ရက်နေ့ တစ်နေ့လုံး ပြည်တွင်းသတင်းဌာနတွေကို အလုပ်ရှုတ်သွားစေတဲ့ သတင်း တစ်ပုဒ်ကတော့ အရင် ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌဟောင်း၊ လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ ဖြူးမြို့ နယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော် အမတ်လောင်း သူရဦးရွှေမန်းကို သူ့ပါတီက ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်ဆိုတဲ့ သတင်းပါ။ အဲဒီသတင်း အင်တာနက် စာမျက်နှာ မှာပေါ်ထွက်လာပြီးနောက် သတင်းဌာန အသီးသီးဟာ သက်ဆိုင်ရာ သူရဦးရွှေမန်းနဲ့ ပြည်ခိုင်ဖြိုးခေါင်း ဆောင်တွေ ဆီကနေ သတင်း မှန်မမှန် အတည်ပြုချက်ရဖို့ ကြိုးစားခဲ့ကြပါတယ်။

ညနေစောင်းအချိန်ထိ နောက်ဆုံးရတဲ့ သတင်းတွေအရ ဒီသတင်းဟာ ကောလဟလ သတင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။ ထူးခြားတာ တစ်ခုကတော့ ဘယ်သတင်းဌာနနဲ့ ဘယ်အကဲခတ်တွေကမှ ဒီသတင်း မဖြစ်နိုင်ပါဘူးလို့ ပြောဆိုတာ မရှိခဲ့ပါဘူး။ ရွေးကောက်ပွဲအပြီး သူရဦးရွှေမန်းရဲ့ ကံကြမ္မာ ဘယ်လို ဖြစ်လာနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေး ကြည့်ကြရအောင်။

သတင်းဖြစ်ပေါ်မှုနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းက “ဘာပဲလုပ်လုပ် စည်းမျဉ်း စည်းကမ်းရှိပါတယ်။ ဘောင်ရှိပါတယ်။ ဥပဒေ ရှိပါတယ်။ အဲဒီထဲကပဲ လုပ်လို့ရပါတယ်။ ဒါ ဥပဒေနဲ့အညီ လုပ်မယ် ဆိုရင်ပေါ့လေ။ လုပ်ပေါ့” လို့ တုန့်ပြန် ပြောဆိုပါတယ်။ ဒီလို အဖြစ်အပျက်မျိုး မဖြစ်နိုင်ဘူးလို့ မပြောသလို၊ အံ့သြ ဟန်လည်း မပြပါဘူး။ သိပ်မကြာသေးခင်တုန်းကတောင် သူရဦးရွှေမန်းက သူ့အနေ နဲ့ပြည်ခိုင်ဖြိုးပါတီကို သစ္စာ ရှိတဲ့အကြောင်း၊ ပါတီကနေ ထွက်သွားမှာ မဟုတ်တဲ့အကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါ သေးတယ်။

ဒီသတင်း ထွက်ပေါ်လာတဲ့ နောက်ခံအကြောင်းရင်းကတော့ သူရဦးရွှေမန်းနဲ့ သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဦးဆောင်တဲ့ အစိုးရအဖွဲ့ တပ်မတော်နဲ့ အကျိုးစီးပွားခြင်း ထိပ်တိုက် တိုးတာကနေစတာပါ။ သူရဦးရွှေမန်းဟာ ရည်မှန်းချက်ကြီးသူ ဖြစ်ပါတယ်။ အရင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် နေရာချ ထားပေးပြီးနောက်ပိုင်း သူ့အနေနဲ့ ၂၀၁၅ရွေးကောက်ပွဲအပြီး တက်လာမယ့် သမ္မတ ဖြစ်လိုတယ်ဆိုပြီး တရားဝင် အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့သူ ဖြစ်ပါတယ်။ ပြောခဲ့သလိုလည်း သမ္မတဖြစ်နိုင်ရေး လုပ်စရာမှန်သမျှလုပ်ခဲ့ပါ တယ်။

သမ္မတဖြစ်နိုင်ဖို့ သူအဓိက အကောင်အထည် ဖော်ခဲ့တာက အရင်စစ်အာဏာရှင်တွေ ချမှတ်ထားတဲ့ အစီ အစဉ်ကို သွေဖီပြီး ပြည်ခိုင်ဖြိုးပါတီကို တပ်မတော်က ဝန်းရံ ထောက်ခံရေး လုပ်ပါတယ်။
အရင် စစ်အာဏာရှင်တွေဟာ တိုင်းပြည်မှာ စစ်ဘုရင်မင်းဆက် အရှည်သဖြင့် တည်တံ့အောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ ကို ရေးဆွဲပေးသွားခဲ့ပါတယ်။ တပ်မတော်က ဦးဆောင်မယ့် နိုင်ငံရေး ပါတီတစ်ခုကို တည်ထောင်၊ အဲဒီ ပါတီအနေနဲ့ ရွေးကောက်ပွဲတွေမှာ အမတ်နေရာ သုံးပုံတစ်ပုံလောက် အနိုင်ရအောင်ကြိုးစား၊ လွှတ်တော်ထဲရောက်ပြီး သမ္မတရွေးကြရင် တပ်မတော်သား အမတ်တွေ တင်တဲ့ သမ္မတကို ဝိုင်းထောက်ခံပေး ဆိုတဲ့ နည်းလမ်းနဲ့ စစ်ဗိုလ်ချုပ် မင်းဆက် မပြတ်အောင် အကောင်အထည် ဖော်ဖို့ပါ။ ဒီအတွက်လည်း အရင် စစ်အာဏာရှင်တွေဟာ ပြည်ခိုင်ဖြိုးပါတီကို တည်ထောင်ပေးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ပါတီဟာ အဓိက အားဖြင့် တပ်မတော်ကို နာခံဖို့ပါ။ တပ်မတော်ခေါင်းဆောင်တွေ တင်လိုသူ သမ္မတ ဖြစ်ရေး၊ အစိုးရအဖွဲ့ဝင် ဖြစ်ရေး၊ ပြည်ခိုင်ဖြိုးပါတီက ထောက်ခံပေးဖို့ပါ။ တကယ်လို့ အဲဒီ အစီအစဉ်အတိုင်း ဆိုရင် သူရဦးရွှေမန်းဟာ သူ့အနေနဲ့ သမ္မတ မဖြစ်နိုင်ဘူးဆိုတာ ကောင်းကောင်း သိပါတယ်။ ဒါကြောင့်လည်း ပြည်ခိုင်ဖြိုးပါတီထဲမှာ ပြိုင်ဘက် မရှိခေါင်းဆောင် ဖြစ်အောင်ကြိုးစား ခဲ့ပြီးအရင် အာဏာရှင် ဦးနေဝင်း ကျင့်သုံးခဲ့တဲ့ တပ်မတော်က ပြည်ခိုင်ဖြိုးပါတီကို နာခံ ဆိုတဲ့ ပုံစံမျိုးရောက် အောင် လိုအပ်တာအားလုံး အကောင်အထည် ဖော်ခဲ့ပါတယ်။ အဲဒီထဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက အချက်တစ်ချို့ ပြင်ဖို့ လုပ်တာတွေ၊ အခြား ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ဖို့ ကြိုးစားတာတွေလည်း ပါဝင်ပါတယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း သူရဦးရွှေမန်း ကြိုးစားမှု မအောင်မြင်ပါဘူး။ သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ တပ်မတော်ပူးပေါင်းပြီး ပြည်ခိုင်ဖြိုးပါတီကို သူရဦးရွှေမန်းလက်ထဲကနေ ပြန်ရယူလိုက်ကြပါတယ်။ သူရဦးရွှေမန်းကိုလည်း ပါတီခေါင်းဆောင် အဖြစ်ကနေ ဖယ်ရှားလိုက်ပါတယ်။ ဒါတင်မက လွှတ်တော်တွင်း စွတ်စွဲပြစ်တင်တဲ့ နည်းနဲ့ ဖြုတ်ချဖို့ အထိ ကြံစည်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ အဆင့်အထိလည်း မရောက်နိုင်ပဲ ဒီနေ့အချိန်ထိ သူရဦးရွှေမန်းဟာ ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် ကျန်နေသေးသလို၊ ပြည်ခိုင်ဖြိုး အမတ်လောင်းအဖြစ် တည်ရှိနေဆဲ ဖြစ်နေတာ ဖြစ်ပါတယ်။

တကယ်လို့များ လာမယ့် ရွေးကောက်ပွဲမှာ သူရဦးရွှေမန်းအနေနဲ့ ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် အမတ်အနေနဲ့ အရွေးချယ် မခံရဘူးဆိုရင်တော့ ပြည်ခိုင်ဖြိုးပါတီအတွင်း ဦးရွှေမန်းနဲ့ ပတ်သက်တဲ့ ပဋိပက္ခ ပြီးသလောက် ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် သူရဦးရွှေမန်းသာ အမတ်အဖြစ် ထပ်ပြီး အရွေးခံရရင် နောက်ဖွဲ့မယ့် လွှတ်တော်ထဲမှာ ပါလာမှာဖြစ်ပြီး ပြည်ခိုင်ဖြိုး ပဋိပက္ခ ဆက်ရှိနိုင်ပါသေးတယ်။ အကြောင်း ကတော့ ရွေးကောက်ပွဲ အနိုင်ရ ပြည်ခိုင်ဖြိုး အမတ်တွေထဲမှာ သူရဦးရွှေမန်းကို ထောက်ခံသူတွေ ပါဝင် လာနိုင်သေးပြီး အဲဒီလူတွေဟာ သမ္မတ ရွေးချယ်ရာမှာ ဦးသိန်းစိန်နဲ့ တပ်မတော် အုပ်စုဘက်ကို မထောက်ခံပဲ သူရဦးရွှေမန်းနဲ့ပေါင်းပြီး အခြားတစ်ဖက်ကို ထောက်ခံသွားနိုင်ခြေ ရှိသေးလို့ပါပဲ။ ပြောရရင် လက်ရှိ အစိုးရနဲ့ တပ်မတော် ပေါင်းထားတဲ့ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်း ဟာအဲဒီလို အဖြစ်မျိုး လုံး၀ အရောက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် သူရဦးရွှေမန်းကို တစ်စုံတစ်ရာသော နည်းနဲ့ အရေးယူလာ နိုင်သေးတယ်လို့ မှန်းဆနိုင်ပါတယ်။

အားလုံးကို ခြုံငုံပြီး သုံးသပ်ရရင်တော့ ရွေးကောက်ပွဲမှာ သူရဦးရွှေမန်း ရှုံးနိမ့်ခဲ့ရင် ပြည်ခိုင်ဖြိုးပါတီ တွင်း ပဋိပက္ခ ပြီးဆုံးသွားမှာဖြစ်ပြီး ရွေးကောက်ခံရရင်တော့ နောက်ထပ် ပြဿနာတွေ ဆက်ဖို့ ရှိပါသေး ကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required