အရှက်မဲ့ သိက္ခာမဲ့ အနိုင်မဲ့ သမိုင်းမဲ့သူများ ကျဆုံးစေ

အရှက်မဲ့ သိက္ခာမဲ့ အနိုင်မဲ့ သမိုင်းမဲ့သူများ ကျဆုံးစေ

“ပြောသာပြောရ အားမရ” ဆိုသည်မှာ မြန်မာပြည်ကိုများ စောင်းလေသလားဟုပင် ပြောရပေ တော့မည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ တွင် ကျင်းပမည်ဖြစ်ရာ ရက်ပိုင်းမဟုတ်ဘဲ နာရီပိုင်းဖြင့်ပင် ပိုင်းဆစ်တွက်ချက်လျှင် များစွာ မလိုတော့ပေ။ အားရစရာကား တစက်မှမရှိဟု ပြောရပေမည်။

အစိုးရကို အတိုက်အခံပြုသူများ (ဝါ) ဒီမိုကရေစီ အင်အားစုများသည်ကား မြေပြင်အခြေအနေ များအရ စိတ်လှုပ်ရှားများဖြင့် တွက်ချက်သော် အနိုင်ရလဒ် ရပြီးဖြစ်နေသော်လည်း အဆုံးအဖြတ် ပြုမည့် သူမှာ မဲဆန္ဒရှင်များ မဟုတ်မူဘဲ ရွေးကောက်ပွဲကော်မရှင် ဖြစ်နေသည်ကား ဆိုးလွန်းလှသည်။

အတိုက်အခံ ဒီမိုကရေစီ အင်အားစုများသည် အောက်စည်းမှ ပြိုင်နေရသော သို့မဟုတ် အကြောပေး ပြိုင်နေရသူများဖြစ်လာပြီး၊ အာဏာရပါတီနှင့် ယင်းတို့၏ အဆွယ်အပွားများက အထက် စီးက ရှိနေသကဲ့သို့ ဖြစ်သည်။ ဒိုင်သည် တစ်ဖက်အသင်း၏ ကစားသမားဟောင်း ဖြစ်ခဲ့သကဲ့သို့ ဆက်လက်၍လည်း ကစားသွားမည်လားဟု စိုးရိမ်မှုများ လွန်ကဲ၍ နေသည်။

၁၉၉၀ အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်သော မျှတသော အားလုံးပါဝင်သော ရွေးကောက်ပွဲ ဖြစ်ခဲ့ပြီး၊ ယင်းရွေးကောက်ပွဲကို တာဝန်ခံ ကျင်းပပေးခဲ့သူများ ဖြစ်သည့် ကော်မရှင် လူကြီးများ ဦးဘဌေး၊ ဆရာချယ်၊ စောကြာဒိုး အမှူးပြု ပုဂ္ဂိုလ်များသည် သမိုင်းတွင် အမည်းစက် စွန်းထင်းခြင်း မရှိဘဲ ရွေးကောက်ပွဲ သမိုင်းဧည့်ခန်းဝယ် ဂုဏ်တင့်သူများ ဖြစ်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ချိုးဖျက်ခဲ့သူများကား လက်ရှိအစိုးရ၏ ရှေးရှေး အဆက်အနွယ် များသာ ဖြစ်သည်ကို သမိုင်းကရော၊ တိုင်းပြည်ကရော၊ လူထုကရော ကောင်းစွာ သိကြပါသည်။ ဤ လူတို့သည် မည်သို့နည်း၊ သူတို့သည် စည်းမညီသော၊ ကတိမတည်သော၊ လက်နက်အားကိုးသော သူများ ဖြစ်သည်ကိုကား အခွင့်ထူး မယူစားသော မျက်လုံးမမှိတ်ထားသော ပြည်သူတိုင်းသည် အသည်းဝယ် စွဲထင်နေခဲ့ကြသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲကား စစ်အာဏာရှင်အလိုကျ ကျင်းပသော ရွေးကောက်ပွဲ ဖြစ်သည်။ သူ့ရလဒ်သူတွက်၊ သူ့လူသူနေချ၊ သူ့အကွက် သူဖန်တီးပြီး စည်းကမ်း ပြည့်ဝလိုက်သည် မှာ မြင်မကောင်းအောင်ပင် ဖြစ်ခဲ့ကြောင်းကိုလည်း သမိုင်း မှင်စွန်းခဲ့ပြီးဖြစ်၍ သန့်စင်သော ဤနေရာတွင် များစွာ ရေမနှူးလိုတော့ပေ။

လာချေပြီ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ။ မှားနေသော ပုစ္ဆာကို တွက်ကြမည့်ပွဲဟု နိုင်ငံရေး အကဲခတ်တချို့က ဝေဖန်သည်။ ပြည်သူများ မလိုလားသော၊ လက်မခံသော၊ အနိုင်ကျင့်ခံရသည်ဟု ခံစားထားရသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အထိုင်ပေါ်တွင် ကျင်းပမည့် ရွေးကောက်ပွဲဖြစ်ရာ မတွက်မီက မှားနှင့်နေသော ပုစ္ဆာဟု ဆိုကြခြင်း ဖြစ်သည်။

မှားသောပုစ္ဆာကို မည်မျှပင် တော်သော ဝါရင့်သမ္ဘာရင့်သူများက တွက်သည်ဖြစ်စေ အဖြေ သည် မှန်မည်မဟုတ်ဟု သူတို့က ဆိုသည်။ သို့တိုင်လျှင် မတွက်ဘဲ ဘာလုပ်ကြမည်နည်း။
တခြား ဆောင်ရွက်ရန်မှာလည်း ဖြစ်ဖြစ်မြောက်မြောက် မရှိသည်ဖြစ်နေရာ ရွေးကောက်ပွဲဝင် လက်ရွေးစင် ဒီမိုကရေစီ နိုင်ငံရေးသမားများ အနိုင်ကျင့် ခံနေရသည်။ သူတို့သည် မဖြစ်မနေ ရွေးကောက်ပွဲ ဤပုစ္ဆာသာ တွက်ချက်ရပေတော့မည်။

လှည့်ဖျားခံရသည် ပြောပြော၊ ရူးမိုက်သည် ဆိုဆို၊ ဆိုးသူတို့ထက် ပို၍ ဖျင်းကြလေသည်ဟု ရယ်သွမ်း သွေးချင်သွေးပါ၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတို့သည် စစ်အာဏာရှင်နှင့် အဆွယ် အပွားတို့ ပေးသော ပုစ္ဆာမှားကို တိုင်းပြည်နှင့် လူထုကောင်းကျိုးရည်ပြီး တွက်နေကြခြင်း ဖြစ်သည်။ မဇ္ဈိမသည် မြင်ကွင်းစုံကို အကျယ်မြင်သည်၊ စိတ်လည်း မကောင်း၊ ဆုမွန်တောင်းသည်။

လွဲနေသော ချော်နေသော ထော်နေသော အကြောင်းစုံကို သည်းခံကာ ဂုဏ်ရည်မြင့်မြင့်ဖြင့် မျက်စိမှိတ် ကြိုးစားသူ ဒီမိုကရေစီ အင်အားစုများသည် မဲဆန္ဒရှင် ပြည်သူများက ပေးသော ရလဒ်အ တိုင်း နိုင်ကြစေ၊ ပုစ္ဆာမှားကို ချပေးပြီး မင်းတို့မှားသည် ငါတို့နိုင်ပြီဟု ဆိုကြမည့် အရှက်မဲ့ သိက္ခာမဲ့ အနိုင်မဲ့ သမိုင်းမဲ့သူများသည် မြန်စွာမသွေ ကျဆုံးစေသတည်း။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required