COVID-19 အကျပ်အတည်း ပြီးဆုံးသည်နှင့် တရုတ်နှင့်ပတ်သက်၍ ပြန်သုံးသပ်သွားရန် ယူကေစပိုင်အေဂျင်စီများက အစိုးရကို တိုက်တွန်း

COVID-19 အကျပ်အတည်း ပြီးဆုံးသည်နှင့် တရုတ်နှင့်ပတ်သက်၍ ပြန်သုံးသပ်သွားရန် ယူကေစပိုင်အေဂျင်စီများက အစိုးရကို တိုက်တွန်း

ဧပြီ ၁၃

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်း လျော့ကျသွားပါက ယူကေအစိုးရအနေဖြင့် တရုတ်နှင့် ဆက်ဆံရေးအပေါ် ပြန်လည်သုံးသပ်ရန် လိုလိမ့်မည်ဟု ဗြိတိန် ထောက်လှမ်းရေး အသိုင်းအဝိုင်းက ယုံကြည်လျက် ရှိသည်။ ထို့ပြင် နည်းပညာမြင့်လုပ်ငန်းများ၊ အခြား မဟာဗျူဟာကျ လုပ်ငန်းများနှင့်ပတ်သက်၍ တင်းကျပ်သော ထိန်းချုပ်မှုများ လုပ်ဆောင်ရန် လိုအပ်ခြင်း ရှိမရှိ စဉ်းစားသွားရန် လိုအပ်သည်ဟု ဗြိတိန် ထောက်လှမ်းရေး အသိုင်းအဝိုင်းက ယုံကြည်နေသည်။

တရုတ်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို အောင်မြင်စွာ ကိုင်တွယ်ထားနိုင်ခဲ့ပြီဆိုပြီး ယင်း၏ တစ်ပါတီတည်းစနစ် ပုံစံမော်ဒယ်ကို ခုခံကာကွယ်ရာတွင် သူသိသူတတ်ကြောင်း ပိုမိုပြသလာ လိမ့်မည်ဟု ဗြိတိန် ထောက်လှမ်းရေးအသိုင်းအဝိုင်းက ယူဆထားသည်။

ယင်းအတွက်ကြောင့် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်နှင့် အခြားဝန်ကြီးများအနေဖြင့် လက်တွေ့ကျသည့် အမြင်တစ်ခုဖြင့် စဉ်းစားသုံးသပ်ရမည်ဖြစ်ပြီး ယူကေအနေဖြင့် မည်သို့မည်ပုံ တုန့်ပြန်မည်လဲ ဆို သည်ကို စဉ်းစားရမည်ဖြစ်ကြောင်း ၎င်းတို့က ယူဆထားသည်။

ထုတ်ဖော် ပြောဆိုလျက် ရှိသည့် ကိစ္စရပ်များသည် ယူကေအနေဖြင့် ဒစ်ဂျစ်တယ် ကွန်မြူနစ်ကေးရှင်း နှင့် artificial intelligence ကဲ့သို့ နည်းပညာမြင့် လုပ်ငန်းဧရိယာများအတွင်းရှိ အဓိက ကုမ္ပဏီ ကြီးများ လွှဲပြောင်းဝယ်ယူခြင်းများအပေါ် ထိန်းချုပ်ကန့်သတ်လိုသည့် ဆန္ဒ ရှိမည်လား ဆိုသည်နှင့် တက္ကသိုလ်များ၊ အခြားနေရာများ၌ သုတေသန ပြုလုပ်မှုများတွင် တရုတ်ကျောင်းသား၊ကျောင်းသူများ ၏ ပါဝင်ပတ်သက်လုပ်ဆောင်ခွင့်ကို လျှော့ချသင့်သလား ဆိုသည်တို့ပင် ဖြစ်သည်။

သို့သော် ပြည်ပထောက်လှမ်းရေးဌာန MI6 နှင့် ပြည်တွင်းထောက်လှမ်းရေးဌာန MI5 တို့ကမူ ဗြိတိန်၏ 5G ကွန်ရက်တွင် Huawei ကို ပါဝင်ခွင့်ပြုခြင်းက မှန်ကန်သည်ဟု ယုံကြည်နေကြဆဲဖြစ်သည်။ ဗြိတိန် 5G ကွန်ရက်တပ်ဆင်တည်ဆောက်မှုတွင် Huawei ကို ပါဝင်ခွင့်ပေးမှုက ဝန်ကြီးချုပ် ဂျွန်ဆင် ပြီးခဲ့သည့် ဇန်နဝါရီလက လုပ်ခဲ့သည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။  သို့သော် ယင်းကိစ္စကို ပြန်စဉ်း စားရန် ကွန်ဆာတေးဗစ်အမတ်တစ်ချို့က ဖိအားပေးနေခြင်းနှင့်အတူ တရုတ်အပေါ် အလေးထားအာရုံစိုက်မှုအသစ်ကြောင့် ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ခုခံကာကွယ်ရန် ပိုမို ခက်ခဲသွားမည့် အခြေ အနေကို ရောက်ရှိကောင်း ရောက်ရှိသွားစေနိုင်သည်။

“6G နှင့် 7G” တို့နှင့်ပတ်သက်၍ ဖြည့်ဆည်းထောက်ပံ့မှု အစီအစဉ် အမျိုးအစားများပြားစေရန်နှင့် အထူးသဖြင့် နည်းပညာ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုတို့ကဲ့သို့ အလွန်အရေးကြီးလှသော ကဏ္ဍများ ကို ကာကွယ်ရန်အတွက် ဗြိတိန်အနေဖြင့် ပိုမိုသေချာစွာ လုပ်ဆောင်ရန် လိုအပ်သည်ဟု Whitehall သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနှင့် သေဆုံးသူများနှင့်ပတ်သက်၍  ဒေတာအချက်အလက် အပြည့်အစုံ ထုတ်ဖော်ရန် တရုတ်တို့ ပျက်ကွက်ခဲ့သည်မှာ သိသာထင်ရှားကြောင်း MI6 က အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ပြောထားခဲ့သည်ဟု နားလည်ရသည်။ အလားတူအတိုင်း တင်ပြချက်များကို အမေရိကန် CIA ကလည်း ဝါရှင်တန်သို့ ပြောထားခဲ့ပြီးသားဖြစ်သည်။

ထောက်လှမ်းရေး အေဂျင်စီများအနေဖြင့် လများစွာအကြာကတည်းက တရုတ်တို့၏ လုပ်ဆောင်ချက်များအပေါ် ပိုမို အလေးထားသွားရေး တိုက်တွန်းထားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့်လကုန်ပိုင်းက MI5 ၏ ညွန်ကြားရေးမှူးချုပ်သစ်အဖြစ် Ken McCallum အား ခန့်အပ်ကြောင်း ကြေညာခဲ့မှုက ယင်းအဖွဲ့အနေဖြင့် ပေကျင်းအပေါ် ပိုမို ရှင်းလင်းပြတ်သားစွာ အာရုံ စိုက်သွားမည် ဆိုသည့်ကတိတစ်ခုနှင့်အတူ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required