Myanmar’s Pride Awards 2019 ရဲ့ စွန့်ဦးတီထွင်ကဏ္ဍအတွက် ဆန်ကာတင်စာရင်းဝင်များအကြောင်း သိကောင်းစရာများ

Myanmar’s Pride Awards 2019 ရဲ့ စွန့်ဦးတီထွင်ကဏ္ဍအတွက် ဆန်ကာတင်စာရင်းဝင်များအကြောင်း သိကောင်းစရာများ

သမရိုးကျလမ်းစဉ်ကနေ ခွဲထွက်ပြီး လမ်းအသစ်တစ်ခုကို ဖောက်ထွက်ဖို့ဆိုတာ လူတိုင်းလုပ်နိုင်တဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့လည်း ဘယ်သူမှမလုပ်ဖူးသေးတဲ့အရာတစ်ခုကိုဖြစ်စေ၊ နည်းလမ်း သို့မဟုတ် လုပ်ငန်းစဉ် တစ်ခုကိုဖြစ်စေ တီထွင်ဖန်တီးနိုင်သူတွေကို စွန့်ဦးတီထွင်သူလို့ ခေါ်ကြတာဖြစ်ပါတယ်။ 

စီးပွားရေးလောကမှာ စွန့်ဦးတီထွင်နိုင်စွမ်းဟာ အင်မတန်အရေးပါတဲ့အရည်အချင်းတစ်ရပ်ဖြစ်ပါတယ်။ စွန့်ဦးတီထွင် နိုင်စွမ်းကို ပြန်လည်ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် ၂ ပိုင်းရှိတယ်လို့ဆိုနိုင်ပါတယ်။ ဒါကတော့ တီထွင်ဆန်းသစ်နိုင်စွမ်းနဲ့ ရရှိလာတဲ့ အကြံဉာဏ်ဆန်းများကို လက်တွေ့ဘဝမှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စွမ်းတို့ပဲဖြစ်ပါတယ်။ စိတ်ကူးစိတ်သန်းကောင်းရုံသာမကပဲ စိတ်ကူးကိုလက်တွေ့အကောင်အထည်ဖော်နိုင်မှသာလျှင် အောင်မြင်တဲ့စွန့်ဦး တီထွင်လုပ်ငန်းတစ်ခုကို တည်ထောင်နိုင်မှာ မဟုတ်ပါလား။ 

စွန့်ဦးတီထွင်သူလို့ဆိုလိုက်ရင် ကမ္ဘာကျော် e-commerce ဝက်ဆိုဒ်တစ်ခုဖြစ်တဲ့ အလီဘာဘာကို တည်ထောင်ခဲ့သူ ဂျက်မာကို မေ့ထားလို့မရပါဘူး။ ဝယ်သူနဲ့ ရောင်းသူတွေကို အင်တာနက်ပေါ်မှာတင် ဆုံစည်းခွင့်ပေးနိုင်မယ့် အွန်လိုင်းဈေးရုံကြီးတစ်ခုကို ဖန်တီးချင်ခဲ့တဲ့ ဂျက်မာဟာ သူ့စိတ်ကူးကို မိတ်ဆွေအနည်းငယ်နဲ့ တိုက်ခန်းကျဉ်းလေးထဲမှာ စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီလိုစတင်ခဲ့ရာကနေ အလီဘာဘာဟာ အခုဆိုရင် ဒေါ်လာသန်း ၄၈၀ ကျော်တန်တဲ့ ကုမ္ပဏီကြီး ဖြစ်လို့လာပါပြီ။ ဂျက်မာသာ အွန်လိုင်းဈေးရုံကြီးဆိုတဲ့စိတ်ကူးမရှိခဲ့ရင်၊ အဲဒီအပြင် သူ့ဆန္ဒကိုသာလက်တွေ့မှာအကောင်အထည်ဖော်နိုင်စွမ်းမရှိခဲ့ရင် အလီဘာဘာဆိုပြီးတော့လည်း  ဖြစ်လာမှာ မဟုတ်တာ အသေချာပါပဲ။ 

မြန်မာပြည်မှာလည်း အလားတူထူးချွန်တဲ့ စွန့်ဦးတည်ထွင်လုပ်ငန်းရှင်တွေ အမြောက်အမြားရှိပါတယ်။ Myanmar’s Pride Awards ဟာဆိုရင် ၂၀၁၉ ခုနှစ်အတွက် ထူးချွန်ထင်ရှားပြီး နိုင်ငံတကာမှာပါ မြန်မာကို ကိုယ်စားပြုနိုင်တဲ့ တိုင်းပြည်ကဂုဏ်ယူရတဲ့ စီးပွားရေးစွန့်ဦးတည်ထွင်ရှင်များကို ရှာဖွေဖော်ထုတ်ဖို့ကြိုးပမ်းနေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ ဆုရွေးချယ်ပေးအပ်ရေးအဖွဲ့ကနေမှ ဆန်ကာတင်အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စွန့်ဦးတီထွင်ကဏ္ဍအတွက် အကဲဖြတ်ဒိုင်လူကြီးများက ရွေးချယ်ပေးခဲ့တဲ့ ဆန်ကာတင်လေးဦးကတော့ ဝေဖြိုးကျော်၊ ရဲမြတ်မင်း၊ ဇော်ရဲနောင်နဲ့ လှလှဝင်း တို့ပဲဖြစ်ပါတယ်။ 

ဝေဖြိုးကျော် (B11)

ဝေဖြိုးကျော်ဟာ Singapore Management University ကနေ Bachelor of Science in Information Systems Management ဘွဲ့ကို ရရှိထားသူဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဝေဖြိုးကျော်ဟာ Forbes Magazine မှာ အသက် ၃၀ အောက် Retail & E-Commerce ကဏ္ဍအတွက် ထူးချွန်တဲ့လူငယ်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုခံခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်မှာ မြန်မာ Cars DB ဝက်ဆိုဒ်ကို တွဲဖက် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ အော်တိုမိုဘိုင်းဈေးကွက်ကို သမာရိုးကျကနေ ဒီဂျစ်တယ်ဖြစ်အောင် ပြောင်းလဲခဲ့ပါတယ်။ အခုခါမှာ အဆိုပါ ဝက်ဆိုဒ်ဟာ မြန်မာနိုင်ငံအတွင်းမှာ အကြီးမားဆုံး ဒီဂျစ်တယ် ကားဈေးကွက်ဖြစ်လာပြီး လက်ရှိမှာ ဝေဖြိုးကျော်ဟာ CarsDB.com ရဲ့ လည်ပတ်မှုများကို တာဝန်ယူဆောင်ရွက်လျက် ရှိပါတယ်။

ရဲမြတ်မင်း (B20)

ရဲမြတ်မင်းဟာ အသက် ၁၈ နှစ်ကတည်းကစတင်ပြီး အ‌ရှေ့တောင်အာရှနိုင်ငံများက လုပ်ငန်းရှင်များအတွက် စားသုံးသူ ဗဟိုပြုဒစ်ဂျစ်တယ်ထုတ်ကုန်များနဲ့ Digital Campaign များဆောင်ရွက်ပေးခဲ့ပါတယ်။ ဆန်းသစ်တီထွင်မှုအားကောင်း ပြီး နည်းပညာကျွမ်းကျင်တဲ့ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်ပြီးတော့ မြန်မာ့စီးပွားရေးလုပ်ငန်းတွေ ဒစ်ဂျစ်တယ်ခေတ် စီးပွားရေးကဏ္ဍမှာ အဆင်သင့်ဖြစ်ရန်နဲ့ အောင်မြင်မှုရရှိရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ nexlabs ကို ထူထောင်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်အတွက် Forbes Magazine ရဲ့ အသက် ၃၀ အောက် Enterprise Technology ကဏ္ဍမှာ ထူးချွန်တဲ့ လူငယ်အဖြစ်ရွေးချယ်ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။ ၂၀၁၈ ခုနှစ်မှာ Myanmar Employer Award က ပြည်တွင်း ကုမ္ပဏီများကို ချီးမြှင့်တဲ့ Most innovative use of Technology in HR ဆုကို လက်ခံရရှိထားပါတယ်။ Southeast Asia’s Campaign Asia Awards 2019 ဆုကိုလည်း ဆွတ်ခူးလက်ခံရရှိထားပါသေးတယ်။

ဇော်ရဲနောင် (B29)

ဇော်ရဲနောင်ဟာ ရွှေတောင်ညိုကြီးအော်ဂဲနစ်မွေးမြူရေးလုပ်ငန်းကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး အသေးစား မွေးမြူရေးခြံစီမံချက်ကတစ်ဆင့် ကျေးလက်ဒေသရှိ ပြည်သူတွေရဲ့ ဘဝတိုးတက်လာစေဖို့ ဆောင်ရွက်နေသူတစ်ဦး ဖြစ်ပါတယ်။ သူရဲ့ဆောင်ရွက်မှုတွေဟာ ကျေးလက်ပြည်သူများဘဝ အမှန်တကယ် တိုးတက်လာစေရုံသာမကပဲ ကမ္ဘာတစ်ဝန်းက ဆင်းရဲမွဲတေမှုလျော့ချရေးလုပ်ငန်းစဉ်အတွက် အဖြေတစ်ခု ရရှိစေခဲ့တာကြောင့် ကုလသမဂ္ဂက ၂၀၁၉ ခုနှစ် အထွေထွေညီလာခံသို့ ဖိတ်ကြားကာ UN SDG Pioneer 2019 Advancing Local Livelihoods ဆုကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ ဇော်ရဲနောဟာ အခြား ၉ နိုင်ငံက ရှေ့ဆောင်လမ်းပြဆောင်ရွက်နေသူများနဲ့လည်း တန်းတူအသိအမှတ်ပြုခံခဲ့ရခြင်းဖြစ်ပါတယ်။

လှလှဝင်း (B02)

လှလှဝင်းဟာ ဟားဗတ်တက္ကသိုလ်ရှိ ကနေဒီအစိုးရကျောင်းက ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ကိုရရှိထားသူ ဖြစ်ပါတယ်။ မြန်မာ့ကလေးငယ်များတန်းတူညီမျှစွာ အရည်အသွေးပြည့်ဝတဲ့ပညာရေးကိုရရှိစေဖို့နဲ့ ဖော်ဆောင်ပေးနိုင်ဖို့ ၂၀၁၆ ခုနှစ်မှာ 360ed ပညာရေးနည်းပညာကုမ္ပဏီကို Silicon Valley မှာ တွဲဖက်တည်ထောင်ခဲ့ကာ အမှုဆောင် အရာရှိချုပ်အဖြစ်ဆောင်ရွက်နေပါတယ်။ 360ed ဟာ အခုအခါ မြန်မာနိုင်ငံမှာ ဝန်ထမ်းအင်အား ၇၀ နဲ့ VR, AR နဲ့ တခြားမိုဘိုင်းဖုန်းနည်းပညာများကို အသုံးပြုပြီး ပညာသင်ကြားရေး အထောက်အကူပြုပစ္စည်းတွေ တီထွင်လျက်ရှိပါ တယ်။ ၂၀၁၉ ခုနှစ်မှာ သူမရဲ့ လူမှုစီးပွားစွမ်းဆောင်မှုတွေအတွက် Schwab Foundation က ပေးအပ်တဲ့ Social Entrepreneur of the Year ဆုကို ချီးမြှင့်ခြင်းခံရပြီး ၂၀၁၈ ခုနှစ်တုန်းကလည်း William Penn University က သူမရဲ့ ပညာရေးနဲ့ နည်းပညာပူးပေါင်းတီထွင်မှုတွေအတွက် Emerging Young Leader Award ကို ချီးမြှင့်ခဲ့ပါတယ်။ 360ed ဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ UNESCO/Netexplo က ချီးမြှင့်တဲ့ ဒစ်ဂျစ်တယ်နည်းပညာအတွက် တီထွင်မှုဆု ကိုလည်း မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးအဖွဲ့အစည်းတစ်ခုအနေနဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ 

မြန်မာဟာ အရိုင်းဆန်နေသေးတဲ့ သဘာဝအလှတရားကြီးကနေစလို့ ကြွယ်ဝတဲ့ သယံဇာတတွေ၊ နှစ်လိုချစ်ခင်ဖွယ် တိုင်းရင်းသားတွေအထိ ဂုဏ်ယူဝင့်ကြွားလို့ရတဲ့အရာတွေ များစွာရှိပါတယ်။ ထူးချွန်ထင်ရှားတဲ့ မြန်မာကို ကမ္ဘာ့စင်မြင့် ထက်မှာ ကိုယ်စားပြုနိုင်တဲ့ မြန်မာပြည်ဖွားတွေကိုမဲပေးပြီး ဒီလိုဂုဏ်ယူဖွယ်ရာစာရင်းထဲကို နောက်တစ်ခုထပ်ထည့်ဖို့ တိုက်တွန်းချင်ပါတယ်။  ဆုရရှိတဲ့သူကို ရွေးချယ်တဲ့အခါမှာ အကဲဖြတ်အမှတ်ပေးဒိုင်လူကြီးတွေရဲ့ ဆန္ဒမဲ ၂၀ ရာခိုင်နှုန်းနှင့် အများ ပြည်သူရဲ့ ဆန္ဒမဲ (SMS စာတိုကတဆင့်ပေးတဲ့ ဆန္ဒမဲ ၄၀ ရာခိုင်နှုန်း၊ Facebook Chatbot ကတဆင့်ပေးတဲ့ ဆန္ဒမဲ ၄၀ ရာခိုင်နှုန်း) တို့ကို ပေါင်းစပ်ပြီး အတည်ပြုဆုံးဖြတ် သွားမှာဖြစ်တဲ့အတွက် အများပြည်သူက ပေးအပ်တဲ့ မဲတစ်ခုစီတိုင်းက အလွန်အရေးပါပါတယ်။ ပြည်သူလူထုကို အထက်မှာဖော်ပြထားတဲ့ ဆန်ကာတင်စာရင်းဝင်တို့ရဲ့ ကိုယ်ရေးအကျဉ်းလေးဖတ်ပြီး မဲပေးဖို့ တိုက်တွန်းလိုက်ပါတယ်။  မဲပေးဖို့ဆိုရင် မိမိမဲပေးလိုသူ၏ နံပါတ်စဉ်ကို 09 969696 888 သို့ SMS စာတိုပေးပို့ပြီးဖြစ်စေ၊ www.facebook.com/myanmarsprideawards ကတဆင့် messenger chatbot ကို ဝင်ရောက် ပြီးဖြစ်စေ မဲပေးနိုင်ပါတယ်။ 

ဆန်ကာတင်စာရင်းဝင်တွေထဲကမှ မဲအများဆုံးနဲ့အနိုင်ရရှိသူကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ပြုလုပ်မယ့် ဆုပေးအပ်ချီးမြှင့်တဲ့ အခမ်းအနားမှာ ကြေညာပေးသွားမှာဖြစ်ပါတယ်။ ဒီဆုရွေးချယ်ပေးအပ်ရေးအစီအစဉ်ကို Mango Advertising Co., Ltd. က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီးတော့ Grand Royal Special Reserve က title sponsor အဖြစ် အဓိကကူညီပံ့ပိုးပေးထားပါတယ်။  ဒီဆုပေးအပ်တဲ့ အစီအစဉ်ကို Grand Royal Special Reserve ရဲ့ tagline ဖြစ်တဲ့ “Born in Myanmar, Respected by the World” ကနေမှ စိတ်ကူးအကြံဉာဏ်ရလာတာဖြစ်ပါတယ်။  

Myanmar’s Pride Awards အကြောင်းနဲ့ ဆန်ကာတင်စာရင်းဝင်များရဲ့အကြောင်းကို  ပိုမိုပြည့်စုံစွာ သိရှိနိုင်စေဖို့ ဆုရွေးချယ်ပွဲရဲ့ တရားဝင်စာမျက်နှာဖြစ်တဲ့ https://myanmarsprideawards.com/ ကို ဝင်ရောက်ကြည့်ရှုနိုင်သလို အသေးစိတ်အချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ဖို့ Myanmar’s Pride Awards ရဲ့ တရားဝင် Facebook စာမျက်နှာ www.facebook.com/myanmarsprideawards ကို like နှင့် follow လုပ်ထားနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required