အိန္ဒိယ-ပါကစ္စတန် နယ်စပ်မှာ လက်နက်ကြီး ပစ်ခတ်မှုတွေ ဖြစ်ပြီး လူ ဆယ်ဦး သေဆုံး

အိန္ဒိယ-ပါကစ္စတန် နယ်စပ်မှာ လက်နက်ကြီး ပစ်ခတ်မှုတွေ ဖြစ်ပြီး လူ ဆယ်ဦး သေဆုံး

ကက်ရှ်မီးယား၊ အောက်တိုဘာ ၂၂။         ။ ကက်ရှ်မီးယားဒေသ အိန္ဒိယ-ပါကစ္စတန် နယ်စပ်တစ်လျှောက်မှာ တနင်္ဂနွေနေ့က အမြောက်ပစ်ခတ်မှုတွေ ဖြစ်ပွားရာမှာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အငြင်းပွား ကက်ရှ်မီးယားဒေသ တည်ငြိမ်မှု ကင်းမဲ့အောင် လုပ်ဆောင်နေတယ်လို့ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့ အပြန်အလှန် စွပ်စွဲလျက် ရှိနေချိန်မှာ အခု တိုက်ခိုက်မှု ဖြစ်ပွားတာပါ။

ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်က အိန္ဒိယဟာ ကက်ရှ်မီးယား အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းလိုက်တဲ့နောက်မှာ နျူကလီးယား လက်နက်ပိုင်နှစ်နိုင်ငံကြား တင်းမာမှုတွေ အရှိန်မြင့် ဖြစ်ပွားလျက် ရှိနေပါတယ်။

ထိန်းချုပ်မျဉ်းလို့ ခေါ်တဲ့ အဲဒီ နယ်စပ်တစ်လျှောက်က ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ တာဝန်ရှိသူများက အပြန်အလှန် လက်ညိုးထိုး အပြစ်ဆိုလျက် ရှိပါတယ်။

သြဂုတ် ၅ ရက်က စပြီး နယ်စပ်တစ်လျှောက် ထိုးဖောက်ဝင်ရောက်မှုတွေ အကြိမ်ကြိမ် ဖြစ်ပွားနေခဲ့ကြောင်း နယူးဒေလီမှာ အိန္ဒိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင်းရာဝတ်က သတင်းထောက်တွေကို ပြောပါတယ်။

တောင်ထူထပ်ရာ ကက်ဝါရာခရိုင်မှာ ပါကစ္စတန်ဖက်က ပစ်ခတ်လို့ စစ်သားနှစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရတယ်လို့ စစ်တပ်ပြောခွင့်ရှိသူတစ်ဦးက တနင်္ဂနွေနေ့ အစောပိုင်းမှာ အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required