ဒုက္ခသည်များ ပြန်လည်လက်ခံရေးကိစ္စ စတင်သော်လည်း ဘင်္ဂါလီများ ပြန်မလာ

ဒုက္ခသည်များ ပြန်လည်လက်ခံရေးကိစ္စ စတင်သော်လည်း ဘင်္ဂါလီများ ပြန်မလာ
 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတစ်ခုတွင် တွေ့ရသော ဘင်္ဂါလီတစ်ဦး။ ဓာတ်ပုံ - AFP

ရန်ကုန် ၊ သြဂုတ် ၂၃ ။                ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရကြား ဒုက္ခသည်များ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များကို သြဂုတ်လ ၂၂ ရက်နေ့တွင် စတင်ပြီဖြစ်သော်လည်း နေရပ်စွန့်ခွာသူ ဘင်္ဂါလီများအနေဖြင့် မြန်မာနိုင်ငံဘက်သို့ ပြန်လည် ဝင်ရောက်လာခြင်းမရှိပေ။

ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများအနေဖြင့် ဒုက္ခသည်စခန်းများအရှေ့သို့ သွားရောက်ပြီး အဆင်သင့် စောင့်ဆိုင်း နေခဲ့သော်လည်း နေရပ်ပြန်လိုသည့်သူများ တစ်ဦးမျှ ထွက်ပေါ်လာခြင်းမရှိကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းများတွင် ဖော်ပြထားသည်။

ဒုက္ခသည်များအနေဖြင့် ရိုဟင်ဂျာအမည်ဖြင့် နိုင်ငံသားရရှိရေး၊ ယင်းတို့နေထိုင်ခဲ့သည့် ကျေးရွာကိုပြန်ရာတွင် မူလပိုင်ဆိုင်မှုများကို ပြန်လည်ရရှိရေး၊ လုံခြုံမှုရှိရေး စသည့်အချက်များကို အဓိကထား တောင်းဆိုနေကြခြင်း ဖြစ်ပြီး အဆိုပါ အချက်များကို အာမခံခြင်းမရှိသည့်အတွက် ပြန်လာရန် ငြင်းဆိုနေခြင်းဖြစ်သည်။

ယခုတစ်ခေါက်လက်ခံရေးအစီအစဉ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင်လည်း ယခုလို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များကို ပထမအကြိမ်စတင်ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။
၂၀၁၇ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂါလီအမြောက်အမြား ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ထွက်ပြေးတိမ်းရှောင်သွားခဲ့ရပြီး ယင်းတို့ကိုပြန်လည်လက်ခံရန် နှစ်နိုင်ငံအစိုးရ အကြား ညှိနှိုင်းဆောင်ရွက် နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် မြန်မာအစိုးရတာဝန်ရှိသူများက ဘင်္ဂလားဒေ့ရှ်နိုင်ငံ သွားရောက်ပြီး ညှိနှိုင်း ရာတွင် ဘင်္ဂလားဒေ့ရှ်အစိုးရမှ လူဦးရေ ၂၂၀၀၀ စာရင်းကို  မြန်မာအစိုးရထံ တင်ပြခဲ့ပြီးနောက် အဆိုပါ လူများထဲမှ လူဦးရေ ၃၄၅၀ ကျော်ကို လက်ခံရန် မြန်မာအစိုးရက သဘောတူခဲ့့ခြင်းဖြစ်သည်။

သို့သော်လည်း မြန်မာအစိုးရက လက်ခံရန်သဘောတူထားသည့် လူ ၃၄၅၀ ကျော်သည် ပြန်လည်လက်ခံရေး စတင်သည့် သြဂုတ် ၂၂ ရက်နေ့တွင် ပြန်လာခဲ့ခြင်းမရှိပေ။

အစိုးရအနေဖြင့် ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုများကို ပြောဆိုနေသော်လည်း နေရပ်ပြန်လာမည့် ဘင်္ဂါလီများအပေါ် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုလည်း အာမခံပေးရန် လိုအပ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်သည့် Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ထောက်ပြသည်။

“ထွက်သွားတဲ့သူတွေက သူတို့လုံခြုံမှုအတွက် စိုးရိမ်တာရယ်၊ သူတို့ရဲ့ ရေရှည်ကိစ္စပေါ့။ စိတ်ချလုံခြုံမှုမရှိဘဲ ကြောက်လန့် မှုတွေ ရှိနေတဲ့အခါမှာ အဲ့ဒါ ပြဿနာပါ။ အစိုးရက ပေါ်လစီပိုင်းလုပ်နေပေမယ့် တကယ် ပြန်လာမယ့်သူတွေက လက်တွေ့မှာ ဖြစ်နေတဲ့ လုံခြုံမှု မရှိတာတွေ အမုန်းပွားနေမှုတွေ ဆက်လက်ရှိနေတာ ဒီကိစ္စတွေကြောင့်မို့လို့ ပြန်လည်လက်ခံရေး ကိစ္စမှာ လိုသလောက်ထင်သလောက် မအောင်မြင်တာကို တွေ့ရတယ်” ဟု ၎င်းကဆိုသည်။

နေရပ်စွန့်ခွာသူ ဘင်္ဂါလီများ၏ စိတ်ဆန္ဒမပါဝင်ဘဲ အတင်းအကျပ် ပြန်လည် ပို့ဆောင်ခြင်းမပြုလုပ်ရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) က သတင်းထုတ်ပြန်ထားသည်။ရခိုင်ပြည်နယ် မောင်တောဒေသတွင် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့်အကြမ်းဖက်ပဋိပက္ခများကြောင့် လူဦးရေ ၇ သိန်းခန့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြသည်ဟု ကုလသမဂ္ဂ နှင့် နိုင်ငံတကာအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required