အာဖဂန်အရှေ့ပိုင်းက ဆောက်လုပ်ရေးကုမ္ပဏီမှာ အသေခံတိုက်ခိုက်မှုအတွင်း လူ ၁၆ ဦး သေဆုံး

အာဖဂန်အရှေ့ပိုင်းက ဆောက်လုပ်ရေးကုမ္ပဏီမှာ အသေခံတိုက်ခိုက်မှုအတွင်း လူ ၁၆ ဦး သေဆုံး

ကဘူးလ်၊ မတ် ၆ ။         ။ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းက ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ ဗုဒ္ဓဟူးနေ့က အသေခံတိုက်ခိုက်မှု ဖြစ်ပွားပြီး လူ ၁၆ ဦး သေဆုံးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဂျာလာလာဘတ်ကမြို့မှာ ယင်းနေ့အစောပိုင်းက စတင်တင်ဖြစ်ပွားတဲ့ ဒီတိုက်ခိုက်မှုဟာ နာရီအတော်ကြာပါတယ်။ အသေခံဗုံးခွဲသမားနှစ်ဦးက ဆောက်လုပ်ရေးဝင်းရဲ့ ဂိတ်မှာ ဦးစွာ ဗုံးဖောက်ခွဲပြီး အခြားတိုက်ခိုက်ရေးသမားသုံးဦးက ဝင်ရောက်ပစ်ခတ်တာဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးရုံး ပြောခွင့်ရှိသူ ခိုဂန်နီက ပြောပါတယ်။

နန်ဂါဟာပြည်နယ်အတွင်း ဒီမြို့မှာ ခုလို အသေခံတိုက်ခိုက်မှု ဖြစ်ရာဆီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပြေးအလွှား ရောက်ရှိလာခဲ့ပါတယ်။

“ဆောက်လုပ်ရေးဝန်ထမ်း ၁၆ ဦး သေဆုံးပါတယ်။ ဒဏ်ရာရသူက ကိုးဦး ရှိပါတယ်။”လို့ ယင်းပြောခွင့်ရသူကဆိုပြီး တိုက်ခိုက်မှုဟာ ဒေသစံတော်ချိန် နံနက် ငါးနာရီမှာ ဖြစ်ပွားတာလို့ ဖြည့်စွက်ပြောပါတယ်။ ဒဏ်ရာရသူတွေကို နီးစပ်ရာ ဆေးရုံတွေဆီ တင်ပို့ကုသပေးလျက် ရှိနေပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနက ပြောခွင့်ရသူတစ်ဦးကလည်း သေဆုံးသူဦးရေကို အတည်ပြုပါတယ်။

“လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ရေးသမား ငါးဦးစလုံးကို ရှင်းလင်းသုတ်သင်လိုက်နိုင်ပါတယ်။”လို့ ခိုဂန်နီက ဆိုပါတယ်။

ခုတိုက်ခိုက်မှုကို ဘယ်အကြမ်းဖက်အဖွဲ့ကမှ ၎င်းတို့ ကျူးလွန်ကြောင်း မကြေညာသေးပေမယ့် နန်ဂါဟာပြည်နယ်မှာ အိုင်အက်စ်အဖွဲ့ရော၊ တာလီဘန်တွေပါ လှုပ်ရှားလျက် ရှိနေတာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required