ဝယ်လိုအားလျော့နည်းလာခြင်းကြောင့် တစ်ထောင်တန် ထီလက်မှတ်များ စျေးနှုန်းလျော့ ရောင်းချမှုများရှိလာ

ဝယ်လိုအားလျော့နည်းလာခြင်းကြောင့် တစ်ထောင်တန် ထီလက်မှတ်များ စျေးနှုန်းလျော့ ရောင်းချမှုများရှိလာ

ရန်ကုန်၊ဖေဖော်ဝါရီ ၂၂ ။              ။ မတ်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် ကျပ်တစ်ထောင်တန် ထီလက်မှတ်ရောင်းချမှုတွင် ဝယ်လိုအား လျော့နည်းလာမှုကြောင့် စျေးကွက်အတွင်း စျေးနှုန်းလျော့ရောင်းချမှုမျိုးများ ရှိလာကြောင်း ထီစျေးကွက်မှ သိရ သည်။

 ကျပ်တစ်ထောင်တန် ထီလက်မှတ်များကို ဖေဖော်ဝါရီလမှ စတင်ကာ ကျပ်၅ဝဝတန် ထီလက်မှတ်များနှင့်အတူ ပူးတွဲရောင်းချနေလျက်ရှိပြီး လကုန်ခါနီးအချိန်တွင် ကျပ်တစ်ထောင်တန်ထီလက်မှတ်၏ ရောင်းအားကျဆင်း လာသည့်အတွက် ထီလက်မှတ်စျေးနှုန်းများကို ကျပ် ရဝဝမှ ကျပ် ၉ဝဝအထိ လျော့ချရောင်းချနေသည်။

 ထိုသို့ ရောင်းချနေရသည့်အတွက် လက်ကားဖြန့်ချိသည့် ထီလုပ်ငန်းရှင် ကိုယ်စားလှယ်များ အနေဖြင့် အရှုံးပေါ်နေပြီး  ထီလက်မှတ်တစ်မျိုးတစ်စားတည်းကိုသာ ရောင်းချစေလိုကြောင်း ထီလုပ်ငန်းရှင်များထံမှ သိရသည်။

 "အခုက ရောင်းအားက ၅ဝဝတန်ထီပဲ၊ ရောင်းရတာ။၅ဝဝတန်ကို ပိုဝယ်ကြတာ။တစ်ထောင်တန်ထီက ကျတော့ စျေးများတယ်။ သိပ်မရောင်းရတော့ စျေးလျော့ရောင်းရတာတွေရှိတယ်"ဟု ထီ လက်လီနှင့် လက္ကား အရောင်းအဝယ်လုပ်ကိုင်နေသည့် အောင်ရတနာထီဆိုင်ပိုင်ရှင် ဦးတင်ဝင်း ပြောသည်။

 အဆိုပါ ကျပ်တစ်ထောင်တန်အောင်ဘာလေထီအတွက်  အမြင့်ဆုံး ဆုကြေးငွေအဖြစ် သိန်းတစ်သောင်းခွဲကို ချီးမြှင့်သွားမည်ဖြစ်ပြီး ကျပ်တစ်ထောင်နှင့် ပူးတွဲရောင်းချနေသည့် ကျပ်၅ဝဝတန် ထီလက်မှတ်များကို ဧပြီလတွင်း နောက်ဆုံးရောင်းချမည်ဖြစ်ကာ မေလတွင် ရပ်နားသွားမည်ဖြစ်သည်။

 " ပြည်တွင်းအခွန်များဦစီးဌာနက ထုတ်ဝေတာဟာ စျေးကွက် လုပ်ငန်းရှင်တွေက သူတို့တင်ပြထားတဲ့ ထီ စာအုပ် အရေအတွက်တွေကို ကုန်စင်အောင် ရောင်းချမှာဖြစ်တယ်လို့ သဘောတူ စာချုပ်ချုပ် ထားတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့လည်း ထီစာအုပ်တွေကို သုံးလကြိုမှာ ကြားထားရတာ။ အဲ့တော့ ဒီသုံးလစာကမှာကြားထားပြီးဖြစ်တဲ့အတွက် ဆက်လက်ထုတ်ဝေရောင်းချသွားမှာ ဖြစ်တယ်"ဟု ပြည်တွင်း အခွန်များဦးစီးဌာန၊ ပြန်ကြားရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောသည်။

မြို့နယ်အတွင်းမှ တချို့သော ထီလက်ကားဆိုင်ငယ်များတွင် ထီလက်မှတ်စျေးနှုန်းကျဆင်းမှုမရှိဘဲ တစ်စောင်လျှင် ကျပ် ၁၁ဝဝနှင့် ကျပ် ၁၂ဝဝဖြင့်ထိုးနေရကြောင်း ထီကံစမ်းသူများ ဆိုသည်။

  "စျေးလျော့ရောင်းတာက လက္ကား ကိုယ်စားလှယ် ယူထားတဲ့သူတွေက လကုန်ခါနီးတော့ စျေးလျော့ရောင်းတာ ပါ။  အစ်မတို့ကျတော့ လက်လီရောင်းတာဆိုတော့ စျေးကပုံမှန်ပဲရောင်းတယ်။ဆယ်စောင်တွဲထိုးရင်တော့ ထီတစ်စောင် အပိုလက်ဆောင်တော့ပေးတယ် " ဟု လက်လီထီရောင်းချနေသည့် မစန္ဒာက ပြောသည်။

 ကျပ်တစ်ထောင်တန် ထီလက်မှတ်သည် လက်ရှိတွင်  ပူးတွဲရောင်းချနေသည့် ကျပ် ၅ဝဝတန်ထီလက်မှတ်နှင့် နှိုင်းယှဉ်လျှင် စျေးနှုန်းအရ နှစ်ဆမြင့်တက်သွားသော်လည်း ဆုကြေးအနေဖြင့် ကျပ်သိန်းတစ်သောင်းခွဲသာ ချီးမြှင့်သည့်အပေါ် ပြည်သူလူထုအကြား ဝေဖန်မှုများရှိနေပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required