မြန်မာနိုင်ငံသားတိုင်း လျှပ်စစ်သုံးစွဲနိုင်ရေး အထောက်အကူဖြစ်ရန် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည်

မြန်မာနိုင်ငံသားတိုင်း လျှပ်စစ်သုံးစွဲနိုင်ရေး အထောက်အကူဖြစ်ရန် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည်

စက်တင်ဘာ ၁၇ ရက် ။           ။ မြန်မာနိုင်ငံတွင် ပင်မလျှပ်စစ်ဓာတ်အားလိုင်းများ တိုးချဲ့ရန်နှင့် ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိရေးအတွက် ကမ္ဘာ့ဘဏ်က အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ သုံးစွဲသွားမည်ဟု သိရသည်။

ကမ္ဘာ့ဘဏ်၏ ဒါရိုက်တာအဖွဲ့က ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရည်ရွယ်သည့် ကမ္ဘာ့ဘဏ်၏ 'အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အသင်း International Development Association-IDA' ရန်ပုံငွေ မှ ယင်းအတိုး မဲ့ချေးငွေကို ထုတ်ပေးရန် အတည်ပြု ကြောင်း ထုတ်ပြန်ထားသည်။

ယင်းချေးငွေဖြင့် မြန်မာနိုင်ငံ အမျိုးသားအဆင့် လျှပ်စစ်မီး ရရှိရေး စီမံကိန်း-National Electrification Plan-NEP အကောင်အထည်ဖော်ရန် ငွေကြေးနှင့် နည်းပညာများ ပံ့ပိုးသွားနိုင်မည်ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ် မတိုင်မီ မြန်မာနိုင်ငံသားတိုင်း လျှပ်စစ်သုံးစွဲနိုင်ရေး ရည်မှန်းချက်သို့ ရောက်ရှိနိုင်ရန်လည်း ရည်ရွယ်သည်ဟုဆိုသည်။

လူဦးရေ၏ ၇၀ ရာခိုင်နှုန်း လျှပ်စစ်မီးသုံးစွဲနိုင်ခြင်း မရှိသည့် မြန်မာနိုင်ငံမှ ကျေးလက်နှင့် မြို့ပြများတွင် လျှပ်စစ်မီးပိုမို ရရှိလာပါက ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအတွက် အထောက်အကူ ဖြစ်စေနိုင်ပြီး စီးပွားရေးကဏ္ဍကိုလည်း အားဖြည့်ပေးနိုင်မည်ဟု ထုတ်ပြန်ချက်က ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ ချေးငွေဖြင့်ဆောင်ရွက်မည့် ယခုစီမံကိန်းသည် လက်ရှိ ပင်မလျှပ်စစ်အားလိုင်းကို ဗို့အားအလယ်အလတ်နှင့် ဗို့အားအနိမ့်ကွန်ယက်များဖြင့် ထပ်မံချိတ်ဆက်ပြီး တိုးချဲ့သွားခြင်းဖြင့် မြို့ပေါ်အိမ်ထောင်စုများအတွက် လျှပ်စစ်မီး ပိုမိုပေးနိုင်ရန်ဖြစ်သည်။

ပင်မဓာတ်အားလိုင်းနှင့် ဝေးကွာသည့်နေရာရှိ ကျေးလက်များအတွက်လည်း နေစွမ်းအင်နှင့် အသေးစားလျှပ်စစ် ကွန်ယက်စနစ်များ တည်ဆောက်ခြင်းအပါအဝင် 'ဓာတ်အားလိုင်းပြင်ပ လျှပ်စစ်ရရှိရေး' နည်းလမ်းများဖြင့် လျှပ်စစ်မီး ရရှိစေမည်ဖြစ်သည်။

အတည်ပြုလိုက်သည့် စီမံကိန်းကြောင့် အိမ်ထောင်စုပေါင်း ၁ ဒဿမ    ၂ သန်း လျှပ်စစ်ရရှိမည်ဖြစ်ပြီး လူဦးရေ ၆ ဒဿမ    ၂ သန်းအတွက် အကျိုးဖြစ်ထွန်းမည်ဟု ကမ္ဘာ့ဘဏ်က မျှော်မှန်းထားသည်။

၆ နှစ်ကြာမည့် ယင်းစီမံကိန်းသည် စာသင်ကျောင်း၊ ဆေးခန်းနှင့် ကျေးရွာခန်းမ အရေအတွက် စုစုပေါင်း ၂,၃၀၀၀ ခန့်နှင့် လမ်းလျှပ်စစ်မီးတိုင် စုစုပေါင်း ၁၃,၂၀၀၀ ခန့်အတွက် မီးပေးနိုင်မည်ဖြစ်သည်။

ကျေးလက်ဒေသများတွင် စီးပွားရေး လုပ်ငန်းများကို ညအချိန်အထိ ဆောင်ရွက်နိုင်ပြီး လုံခြုံရေးကိုလည်း အထောက်ကူဖြစ်မည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required