နီကာရာဂွါက ပဋိပက္ခတွင် ကလေးငယ်လေးတစ်ဦး အပါအဝင် လူရှစ်ဦး သေဆုံး

နီကာရာဂွါက ပဋိပက္ခတွင် ကလေးငယ်လေးတစ်ဦး အပါအဝင် လူရှစ်ဦး သေဆုံး

 

မာနာဂွါ၊ ဇွန် ၂၅ ။          ။ နီကာရာဂွါတွင် ဆန္ဒပြမှုများအတွင်း သေနတ်ထိမှန် သေဆုံးသည့် ကလေးငယ်လေးတစ်ဦး၏ အသုဘကို မိဘနှင့် ဆွေမျိုးများက မြေချသဂြိုလ်သည်။

အစိုးရထောက်ခံသော တပ်ဖွဲ့များနှင့် အတိုက်အခံတို့ ဇွန် ၂၃ ရက်က ထိပ်တိုက်တွေ့မှုအတွင်း အဆိုပါ ကလေးငယ်လေးတစ်ဦးအပါအဝင် လူ ရှစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အခွင့်အရေးအုပ်စုတစ်ရပ်က ပြောသည်။

မြို့တော် မာနာဂွါတွင် ခုနစ်ဦး သေဆုံးကာ မာဆာယာတွင် တစ်ဦး သေဆုံးခြင်း ဖြစ်ပြီး သေဆုံးသူများကြား ကလေးငယ်လေးတစ်ဦးပါ ပါ၀င်ကြောင်း နီကာရာဂွါ လူ့အခွင့်အရေးစင်တာ CENIDH မှ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဂျော်ဂျင်နာက ပြောသည်။

သမ္မတ အော်တီဂါ နုတ်ထွက်ရေး တောင်းဆိုကြသည့် ဆန္ဒပြမှုများသည် လွန်ခဲ့သည့် နှစ်လကျော်က စတင်ဖြစ်ပွားလာခဲ့ကာ အဆိုပါ ဆန္ဒပြမှုများအတွင်း သေဆုံးသူပေါင်း ၂၀၀ ကျော်ထက်မနည်း ရှိနေပြီဖြစ်ကြောင်း CENIDH က ဆိုသည်။

ဇွန် ၂၃ ရက် ညပိုင်းမှ စတင်ကာ ရဲနှင့် ပြည်သူ့စစ်များက မာနာဂွါအရှေ့ပိုင်း ရပ်ကွက်စု ခြောက်ခုအပြင် ကျောင်းသား နှစ်ဆယ်၊ သုံးဆယ်ခန့် ပုန်းအောင်းနေရာ တက္ကသိုလ်တစ်ခုကိုပါ ၀င်ရောက်စီးနင်းခြင်း ဖြစ်သည်။

သေဆုံးသူများတွင် တက္ကသိုလ်နယ်မြေမှ ကျောင်းသားနှစ်ဦး၊ မာနာဂွါတွင် အရွယ်မရောက်သေးသူ ၁၇ နှစ်အရွယ်တစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ သေဆုံးခြင်း ဖြစ်သည်။ ကလေးငယ်မှာ ခေါင်းကို ကျည်ထိမှန်ကာ သေဆုံးခြင်းပဲ ဖြစ်သည်။

အဆိုပါ ကလေးငယ်မှာ မိခင်ဖြစ်သူက ကလေးထိန်းပေးမည့်သူထံ သွားရောက်အပ်နှံချိန် သေဆုံးခြင်း ဖြစ်သည်။ “ရဲက ပစ်တာပါ။ ကျွန်မ မြင်တယ် သူတို့ကို။ သူတို့ဟာ ရဲပဲ။”ဟု မိခင်ဖြစ်သူက ရုပ်သံသတင်းဌာနသို့ ပြောသည်။

အစိုးရကမူ ယင်းစွဲဆိုချက်ကို ငြင်းဆန်ပြီး တက္ကသိုလ်နယ်မြေအတွင်းက ရာဇဝတ်သားများ၏ လက်ချက်ဖြစ်ကြောင်း အပြစ်ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required