ဧပြီ ၂၆ ။ ။ အိန္ဒိယမြောက်ပိုင်းမှာ ဧပြီလ ၂၆ ရက်က ရထားက ကျောင်းကားကို ၀င်တိုက်ခဲ့မိလို့ ကလေးငယ် ၁၃ ဦး သေဆုံးပြီး ငါးဦး အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အသက် ဆယ်နှစ်အောက် ကျောင်းသား ကလေးငယ်တွေကို တင်ဆောင်မောင်းနှင်လာတဲ့ အဆိုပါကျောင်းကားဟာ အူတာ ပရာဒက်ရှ် ပြည်နယ်က စာသင်ကျောင်းတစ်ခုဆီ မောင်းနှင်လာစဉ်မှာပဲ လူစောင့်မရှိတဲ့ သံလမ်းဖြတ်ကူးဂိတ်မှာ ရထားနဲ့ တိုက်မိသွားခဲ့တာဖြစ်ပါတယ်။
ယင်းဖြစ်စဉ်မှာ ကျောင်းကားဟာ ရထားနဲ့ တိုက်မိခဲ့ရာကနေ လေထဲကို မြောက်တက်လွင့်စဉ်သွားခဲ့ပြီး ကလေးငယ် ဆယ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ ဒေသရဲ့ ဆေးဘက်ဆိုင်ရာ အရာရှိချုပ် အခီလက်ရှ် ခူမာ ဆင်းန်က ပြောပါတယ်။
" ဒဏ်ရာရတွေကို ဆေးရုံကို ပို့ထားရပါတယ်၊ ငါးဦးကတော့ အခြေအနေ စိုးရိမ်ရဆဲပါ" လို့ ၎င်းက ပြောသွားပါတယ်။
အိန္ဒိယနိုင်ငံကတော့ ကမ္ဘာပေါ်မှာ လမ်းမတော်တဆမှုဖြစ်စဉ်တွေက လူအသေအပျောက်အများဆုံး နိုင်ငံတစ်ခုဖြစ်နေပြီး တစ်နှစ်ကို လူပေါင်း တစ်သိန်းခွဲကျော်လောက် လမ်းမတော်တဆမှုတွေကနေ အသက်ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။