ပုဂံတွင် အမှိုက်ပစ်သူနှင့်သန့်ရှင်းရေး အင်အားမမျှတဟု ညောင်ဦးလွှတ်တော်ကိုယ်စားလှယ် ဆို

ပုဂံတွင် အမှိုက်ပစ်သူနှင့်သန့်ရှင်းရေး အင်အားမမျှတဟု ညောင်ဦးလွှတ်တော်ကိုယ်စားလှယ် ဆို

ရန်ကုန်၊ မတ် ၂၆ ။              ။ ပုဂံဒေသတွင် စည်းကမ်းမဲ့အမှိုက်ပစ်သူများကြောင့် အမှိုက်အင်အားနှင့် အမှိုက်သိမ်းဝန်ထမ်းအင်အား မမျှ ဖြစ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က ပြောသည်။

ပုဂံဒေသရှိ နေရာ ၅နေရာတွင် မတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သော အမှိုက်ကောက်ပွဲတွင် ပြောခဲ့ခြင်း ဖြစ် သည်။

"ပုဂံဘုရားတွေရဲ့ရှေးဟောင်းအမွေအနှစ်တွေကို လာရောက်ကြည့်ရှုတဲ့ နိုင်ငံခြားသားတွေ ပြည်တွင်းက ဘုရားဖူး ပြည်သူပြည်သားတွေ အကုန်လုံးကလည်း ဒီလိုတွေပုဂံမှာ ရှေးဟောင်းအမွေအနှစ်တွေ အများကြီး ရှိတဲ့နေရာမှာ အမှိုက်သရိုက်တွေများတာတွေကို သူတို့အနေနဲလည်း အမြင်မတော်ဘူးဆိုတာကို ပြောကြပါတယ် ။ ဒါပေမယ့် ဒီမှာ အမှိုက်အင်အားနဲ့လူအင်အားနဲ့မမျှပါဘူး"ဟု မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က ပြောသည်။

စည်ပင်သာယာရေးမှ တစ်စီးလျှင် အမှိုက်သိမ်းဝန်ထမ်း ၃ ဦးပါ အမှိုက်သိမ်းကားများကို ညောင်ဦးမြို့အတွက် ၇ စီး ပုဂံလူနေရပ်ကွက်များအတွက် ၃စီး ချထားပေးသည်ဟု ညောင်ဦးမြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ  ဦးမြင့်ခိုင် က မဇ္ဈိမကို ပြောသည်။

အောက်ခြေတွင် ဘီးလုံးနှစ်လုံးပါသော အမှိုက်ပုံးများကိုလည်း စည်ပင်သာယာရေးကော်မတီမှ တစ်ရပ်ကွက် ၁၀ ပုံး နူန်းဖြင့် ပုံး ၁၀၀ ချထားပေးပြီး ပုဂံရှေးဟောင်းဘုရားပုထိုးနှင့် ပတ်ဝန်းကျင်များတွင် ကုမ္ပဏီများ၊ စေတနာရှင်အဖွဲ့အစည်းများမှ လှူဒါန်းထားသော အမှိုက်ပုံးများရှိနေသည်။

ပုဂံဒေသ၌ စည်ပင်သာယာရေးအပြင် တခြားသောအမှိုက်သိမ်း အမှိုက်ကောက်သည့် အဖွဲ့ရှိနေသော်လည်း စည်းကမ်းမဲ့အမှိုက်ပစ်သည့် ခရီးသွားများနှင့် ဒေသခံပြည်သူများကြောင့် အမှိုက်များရှိနေကြောင်း Bagan Plastic Campaign အဖွဲ့ဝင်တစ်ဦးက ပြောသည်။

"အခုဟာကကျွန်တော်တို့မြင်ရသလောက်တော့ ဘုရားဖူးတွေ အဓိကကတော့ လိုက်ထရပ်တွေနဲ့ လာတဲ့ဘုရားဖူးတို့ နောက်ကနေကားပက်လက်နဲ့လာတဲ့ဘုရားဖူးတို့ သူတို့ကပိုအပစ်များတာကိုတွေ့ရတယ် မှန်လုံနဲ့လာတဲ့ကားတွေကတော့ သိပ်မတွေ့ဘူး"ဟု Bagan Plastic Campaign အဖွဲ့ဝင် ဦးဝင်းမောင်က ပြောပြသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းများအရ ညောင်ဦးမြို့တွင် လူဦးရေစုစုပေါင်း ၁၉၈,၁၅၈ ဦးရှိနေပြီး လူနေရပ်ကွက်များမှ ညောင်ဦးမြို့တွင် အမှိုက်တန်ချိန် ၁၅တန်၊ ပုဂံမြို့မှ ၇တန် နေ့စဉ်ထွက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required