နေ့ရောညပါ မော်တော်ဆိုင်ကယ် ရှေ့မီးဖွင့်ပြီး မောင်းနှင်စေရန် အစိုးရ စီစဉ်နေ

နေ့ရောညပါ မော်တော်ဆိုင်ကယ် ရှေ့မီးဖွင့်ပြီး မောင်းနှင်စေရန် အစိုးရ စီစဉ်နေ

အာဆီယံနိုင်ငံအချို့တွင် ပြဋ္ဌာန်းထားသကဲ့သို့ မော်တော်ဆိုင်ကယ်များ မောင်းနှင်ရာတွင် ရှေ့မီး(အနိမ့်)ကို နေ့ရောညပါ ထွန်း၍ သွားလာကြရန် နည်းဥပဒေတွင် ထည့်သွင်းထုတ်ပြန်ရန် စီစဉ်ထားသည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးက လွှတ်တော်အမတ်တစ်ဦး၏ မေးမြန်းချက်ကို စာဖြင့် အကြောင်းပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ်ကြောင့် ထိခိုက်သေဆုံးမှုများ အလွန်များပြားနေသဖြင့် ဆိုင်ကယ်မောင်းနှင်ရာတွင် ရှေ့မီး(အနိမ့်)ကို နေ့/ညထွန်း၍ သွားလာကြရန် လိုအပ်သော ညွှန်ကြား ချက်၊ နည်း ဥပဒေများ ထုတ်ပြန်ပေးနိုင်ပါရန် အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်၏ မေးမြန်းမှုကို ရထားပို့ဆောင်ရေးဝန်ကြီးက စာဖြင့် အကြောင်းပြန်ကာ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မော်တော်ဆိုင်ကယ် ရှေ့မီးကြီးသည် အင်ဂျင်စက်နှိုးသည့်အခါ အလိုအ လျောက်ပွင့်ရန်နှင့် စက်နှိုးထားစဉ် တစ်လျှောက်လုံး မီးကြီးပွင့်နေရန် ဥပဒေ ပြဋ္ဌာန်းထားကြောင်း၊ အင်ဒိုနီးရှားနိုင်ငံမော်တော်ဆိုင်ကယ်စီးနင်းသူသည် နေ့အချိန်တွင် မော်တော်ဆိုင်ကယ် ရှေ့မီးကြီး မဖွင့်ပါက ထောင်ဒဏ် ၁၅ ရက်၊ သို့မဟုတ် ရူပီး ၁ သိန်း ဒဏ်ငွေရိုက်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံတွင် ဆိုင်ကယ်စီးနင်းသူများ နေ့ရောညပါ ရှေ့မီးကြီး ဖွင့်မောင်းရန် ဥပဒေ ပြဋ္ဌာန်းထားကြောင်း၊ စင်ကာပူ နိုင်ငံတွင် ဆိုင်ကယ်စီးနင်းစဉ် တစ်လျှောက်လုံး ရှေ့မီးကြီး ဖွင့်မောင်းရကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ တွင်လည်း အမြန်လမ်းမကြီးပေါ်၌ ဆိုင်ကယ်ရှေ့မီးကြီး ဖွင့်မောင်းရန် ဥပဒေပြဋ္ဌာန်းထားကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီး ပြန်လည်ဖြေကြားထားသည့်စာတွင် ရေးသားထားသည်။

“သူများနိုင်ငံက လုပ်လို့ လိုက်လုပ်မှာက နည်းလမ်းတော့ မဟုတ်ဘူးဗျ။ တကယ့် တကယ်က ဆိုင်ကယ်မီးဖွင့်မောင်းတာထက် မောင်းတဲ့လူက ပိုပြီး အရေးကြီးတာ” ဟု နေပြည်တော်ရှိ မော်တော် ဆိုင်ကယ်မောင်းနှင်သူတစ်ဦးက ပြောသည်။

လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်ကမူ မော်တော်ဆိုင်ကယ်သည် လျင်မြန်သော်လည်း အရွယ်အစား သေးငယ်သောကြောင့် အဝေးတွင် ရုတ်တရက် မမြင်တွေ့နိုင်ဘဲ အနီးကပ်တွင်ရှောင်တိမ်းချိန် မရသောကြောင့် ထိခိုက်မှုများ ဖြစ်ကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required