ကာတွန်း တွတ်တွတ် ကွယ်လွန်ခြင်း ၃လပြည့် အမှတ်တရ ပန်းချီနှင့်ကာတွန်းပြပွဲ ပြုလုပ်

ကာတွန်း တွတ်တွတ် ကွယ်လွန်ခြင်း ၃လပြည့် အမှတ်တရ ပန်းချီနှင့်ကာတွန်းပြပွဲ ပြုလုပ်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

 

မန္တလေး၊ ဖေဖော်ဝါရီ ၈ ။                          ။ ကာတွန်း "တွတ်တွတ်"ကွယ်လွန်ခြင်း ၃ လပြည့် အမှတ်တရ ပန်းချီ ၊ကာတွန်းပြပွဲကို ဖေဖော်ဝါရီလ ၈ ရက်၊ နံနက် ၉ နာရီ၊၃၀မိနစ်က မန္တလေးမြို့၊မန္တလေးတောင်ခြေ ခြသေ့ၤကြီးနှစ်ကောင်အနီး Mandalay Hill Art Gallery တွင် ပြုလုပ်သည်။

အဆိုပါပြပွဲကို နှစ်ရက်ကြာပြုလုပ်သွားမှာဖြစ်ပြီး ကာတွန်း တွတ်တွတ် အမည်ဖြင့် ရေးဆွဲထားသည့် ကာတွန်း ကားပေါင်း ၁၀၀ကျော်နှင့်ပန်းချီ ကဲသာအမည်ဖြင့် ရေးဆွဲထားသည့် ပန်းချီကား ၂၀ ကျော်ပြသထားသည်။

ကာတွန်းတွတ်တွတ် ကွယ်လွန်သွားခြင်းကြောင့် မဂ္ဂဇင်း၊ဂျာနယ်နှင့် သတင်းစာများ တွင် ကွက်လပ်တစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်ဟု ၎င်းပြပွဲတွင် ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)က ပြောသည်။

ဆရာလေရူး၊ ဆရာသိုက်ထွန်းသက် စသည့်ဆရာများက အမှတ်တရစကားများ ပြောကြားခဲ့ကြပြီး ပြပွဲသို့ စာရေးဆရာများ၊ကာတွန်ဆရာများ၊ကဗျာဆရာများ တက်ရောက်ခဲ့ကြသည်။

ကာတွန်း တွတ်တွတ်ကို အဖ ဦးဘသန်း၊အမိ ဒေါ်သိန်းသိန်းတို့မှ ၁၉၄၇ ခုနှစ်တွင် မန္တလေးမြို့၌ မွေးဖွားခဲ့ပြီး ပန်းချီပညာကို ၁၉၆၆ခုနှစ်တွင် မန္တလေးပန်းချီ၊ပန်းပုကျောင်း၌ တက်ရောက်သင်ကြားခဲ့သည်။  ကာတွန်းပညာများ ကို ပန်းချီဝင်းဖေနှင့် ပန်းချီပေါ်ဦးသက်တို့ထံက လေ့လာသင်ယူခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် မန္တလေး ဟံသာဝတီ သတင်းစာ၌ ကာတွန်းများ စတင်ရေးဆွဲခဲ့သည်။ "ကဲသာ"အမည်ဖြင့် ဗီဒီယိုဒါရိုက်တာ၊ ရုပ်ရှင်သရုပ်ဆောင် လုပ်ခဲ့သလို မဂ္ဂဇင်းတစ်ချို့နှင့်ဂျာနယ်တစ်ချို့တွင် အယ်ဒီတာ စသည်ဖြင့် အနုပညာနယ်ပယ်တွင် လုပ်ကိုင်ခဲ့သည်။

လူထုနှင့်ကာတွန်းများ စာအုပ်၊လွမ်းရတဲ့ ကာတွန်းတွေစာအုပ်၊ တိုတိုတုတ်တုတ်ကာတွန်းများစာအုပ်၊ ဖီးကြမ်းဇာတ်ကောင်ဖြင့် ရုပ်ပြကာတွန်းစာအုပ်များ ရေးဆွဲထုတ်ဝေခဲ့သည်။

ကာတွန်း တွတ်တွတ်သည် အနုပညာအလုပ်များ လုပ်ကိုင်နေရင်း ၂၀၁၇ခုနှစ်၊နိုဝင်ဘာလ ၈ ရက်တွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required