AP သတင်းဌာနကို ရခိုင်ပြည်နယ်အစိုးရ တရားစွဲမည်ဟု ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးပြောကြား

AP သတင်းဌာနကို ရခိုင်ပြည်နယ်အစိုးရ တရားစွဲမည်ဟု ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးပြောကြား
Photo - Information Committee

 

ဖေဖေါ်ဝါရီ ၃ ။            ။ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီး ရုပ်အလောင်းများ အစုလိုက် အပြုံလိုက် မြှုပ်နှံထားသည်ဟု AP သတင်းဌာန၏ သတင်းဖော်ပြချက်မှာ မဟုတ်မှန်သည့်အပြင် နိုင်ငံတော် ဂုဏ်သိက္ခာ ကျဆင်းစေခြင်းအတွက် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကပြောသည်။

“ဟုတ်ပါတယ်။ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ဖို့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ လောလောဆယ်ရုံးပိတ်ရက်ဖြစ်တဲ့အတွက် ဆောင်ရွက်လို့မရသေးပါဘူး။ ရုံးဖွင့်ရက်ရောက်မှ ဆောင်ရွက်ရမှာပါ။ ဒါကို ပြည်နယ်အစိုးရက စီစဉ်တာပါ”ဟု ဦးတင်မောင်ဆွေက ပြောသည်။

ဂူတာပြင်ကျေးရွာဝန်းကျင်တွင် ရာနှင့်ချီသည့် ရုပ်အလောင်းများအား နေရာ ၅ နေရာတွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည်ဟု AP သတင်းဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အက်ဆစ်လောင်း၍ ဖျောက်ဖျက်ရန် စီစဉ်ထားခြင်းကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်ဟုလည်း အဆိုပါသတင်းတွင်ပါရှိသည်။

အဆိုပါသတင်းကြောင့် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဘူးသီးတောင်အုပ်ချုပ်ရေးမှူးမှဦးဆောင်ကာ နယ်ခြားစောင့်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ဥပဒေအရာရှိ၊ ဆရာဝန်၊ လ.ဝ.က အရာရှိ၊ မီးသတ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၁၇ ဦး ပါဝင်သည့် အဖွဲ့မှသွားရောက်စစ်ဆေးခဲ့ကြောင်း အစိုးရကသတင်း ထုတ်ပြန်သည်။

 ဒေသခံရွာသားများ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ ပဏာမစိစစ်ချက် အရ AP သတင်းဌာနမှရေးသားထားသည့် နေရာတွင် ရုပ်အလောင်းများ အစုလိုက် အပြုံလိုက် မြှုပ်နှံထားခြင်းမရှိဟု အဆိုပါ ဖေဖော်ဝါရီ ၂ ရက်နေ့ညပိုင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

မြေပြင်ကွင်းဆင်းလေ့လာပြီးတွေ့ရှိချက်များအရ ထုတ်ပြန်ချက်တွင် သြဂုတ် ၂၈ ရက်နေ့ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ARSA တို့တိုက်ပွဲဖြစ်ခဲ့ပြီး ARSA အဖွဲ့ဝင် ၁၉ လောင်း ကို စနစ်တကျ မြုပ်နှံခဲ့သည့် အပြင် ညောင်ချောင်းနယ်မြေ ရဲစခန်းတွင်လည်း အကြမ်းဖက်ဥပဒေဖြင့် သေမှုသေခင်း စာရင်းဖွင့်ထား ခဲ့ကြောင်းဖော်ပြထားသည်။

ထို့အပြင် ဂူတာပြင်ကျေးရွာအနီးဝန်းကျင်ရှိ အခြားကျေးရွာများတွင်လည်း AP သတင်းဖော်ပြချက်ပါ ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိ ဆက်လက်စုံစမ်း စိစစ်လျက်ရှိသည်ဟု အစိုးရဘက်မှ ပြောဆိုထားသည်။

(AP သတင်းဌာနကို တရားစွဲမည့် ယခုသတင်းနှင့်ပတ်သက်၍ ယနေ့နံနက်ပိုင်းတွင်   နိုင်ငံတော် အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို မဇ္ဈိမက မေးမြန်းခဲ့ပါသည်။ ထိုသို့မေးမြန်းရာတွင် ဦးဇော်ဌေးက ယင်းကိစ္စကို ပြည်နယ်အစိုးရ အဖွဲ့သို့မေးရန် ပြောကြားခဲ့ပါသည်။ ယင်းသို့ပြောကြားခြင်းကို ဦးဇော်ဌေးက အတည်ပြုသည်ဟု နားလည်မှုလွဲမှား ဖေါ်ပြမိသည့်အတွက် သက်ဆိုင်သူအားလုံးနှင့် စာဖတ်ပရိသတ်အားလုံးကို မဇ္ဈိမ မှ တောင်းပန်အပ်ပါသည်။ AP သတင်းဌာနကို တရားစွဲမည့် အတည်ပြုချက်သည် ပြည်နယ်အစိုးရအဖွဲ့၏အတည်ပြုချက်သာဖြစ်ပြီး ဦးဇော်ဌေး၏ အတည်ပြုချက်မဟုတ်ပါ။ ထို့ကြောင့်တရားစွဲခြင်းသည်လည်း ပြည်နယ်အစိုးရ၏ လုပ်ဆောင်ချက်သာဖြစ်ပြီး ပြည်ထောင်စုအစိုးရ၏ လုပ်ဆောင်မှုမဟုတ်ကြောင်း စာဖတ်ပရိသတ်များအား အသိပေးအပ်ပါသည်။)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required