ဗိုလ်ချုပ်ရုပ်ရှင်စရိုက်ရန် အနည်းဆုံး ကျပ်သိန်း ရ၀၀၀ ကျပ် လိုနေသေးဟု သာ/၀န်ပြော

ဗိုလ်ချုပ်ရုပ်ရှင်စရိုက်ရန် အနည်းဆုံး ကျပ်သိန်း ရ၀၀၀ ကျပ် လိုနေသေးဟု သာ/၀န်ပြော
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ။         ။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိရုပ်ရှင်ကို စတင်ရိုက်ကူးရန်အတွက် အနည်းဆုံး သိန်း ခုနှစ်ထောင်ကျပ် လိုအပ်နေသေးသည်ဟု ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ကမ္ဘာအေးစေတီလမ်းရှိ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) တွင် ဇန်နဝါရီ ၂၈ ရက်နေ့၌ ပြုလုပ်ခဲ့သည့် " ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးရုံးခန်းဖွင့်ပွဲ " တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

" လုပ်ငန်းစဖို့အတွက်ကို ရှိတဲ့ငွေကသိန်း ရှစ်ထောင့် သုံးရာကျော်ဖြစ်ပါတယ်။ သို့သော်လည်း အနည်းဆုံးတော့ အနည်းဆုံးပါ သိန်း ခုနှစ်ထောင်လောက် လိုအပ်နေပါသေးတယ်။ တကယ်တော့ ဒီထက်ပိုပြီးမှ ကျယ်ကျယ် ပြန့်ပြန့်တင်ပြ ခန့်ခန့်ငြားငြားဖြစ်အောင် ရိုက်ကူးမယ်ဆိုရင် ဒီထက်ပိုပြီးမှ လိုအပ်မှာ ဖြစ်ပါတယ် " ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

ဗိုလ်ချုပ်ရုပ်ရှင်ကို ကျပ်သန်း ၁၅၀၀ ခန့်ဖြင့် ရိုက်ကူးနိုင်ရန် ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် သရုပ်ဆောင် လူမင်းတို့နှင့် ဆွေးနွေးထားပြီး ဇာတ်ညွှန်းကို အကျဉ်းချုံးကာ ပြင်ဆင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လတ်တလော ဒါရိုက်တာ မင်းထင်ကိုကိုကြီးအနေဖြင့် ရရှိသည့် ဘတ်ဂျက်ဖြင့် ရိုက်ကူးနိုင်မည့် ဇာတ်ညွှန်းကို ရေးသားရန်ကြိုးပမ်းနေသည်ဟု ကာယကံရှင်ကဆိုသည်။

ထို့ကြောင့် မည်သည့်အခန်းများပါဝင်မည်၊ မည်ကဲ့သို့ရိုက်ကူးမည်ကို လတ်တလောတွင် ဖြေကြားနိုင်ခြင် းမရှိသေးဘဲ ၎င်းတာဝန်ယူရသည့်အပိုင်းတွင် တစ်စုံတရာ လွဲမှားမှုများရှိပါက တာဝန်ယူသွားမည်ဟု မင်းထင်ကိုကိုကြီးက ဆိုသည်။

" တစ်စုံတစ်ခုဖြစ်လာခဲ့ရင် ဘယ်သူတာဝန်ခံမှာလည်း၊ ဘယ်သူတာဝန်ယူမှာလည်းဆိုတော့ မေးခွန်းပေါ့နော်။ ဇာတ်ညွှန်းပိုင်းနဲ့ ဒါရိုက်တာပိုင်းပေါ့ အဲ့ဒီ့ဟာကိုတော့ ကျွန်တော် အပြည့်အ၀ တာဝန်ခံပါတယ်။ အပြည့်အ၀ တာဝန်ယူပါ့မယ် " ဟု ၎င်းက ပြောဆိုသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဗိုလ်ချုပ်ရုပ်ရှင်ကို ပြည်တွင်းရှိ အနုပညာရှင်များဖြင့် နိုင်ငံတကာ အဆင့်မှီရိုက်ကူးထုတ်လုပ်နိုင် မည်ဟု ရာနူန်းပြည့်အောင်မြင်စွာရိုက်ကူးနိုင်မည်ဟု ယုံကြည် ကြောင်းနှင့် လည်း ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိရုပ်ရှင်ကို အချိန် ၂ နှစ်ယူ၍ တာဝန်ခံရိုက်ကူးသွား မည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက  ၂၀၁၇ သြဂုတ် ၂၀ ရက်တွင် မဇ္ဈိမသို့ပြောထားပြီး ရုပ်ရှင်ကို ပထမက ကျပ်သိန်းနှစ်သောင်း ကုန်ကျမည်ဟု ခန့်မှန်းထားခြင်းလည်းဖြစ်သည်။

ထို့အပြင် ရုပ်ရှင်အတွက် လိုအပ်သည့်အကူအညီများအားလုံးကိုလည်း  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခင် ရိုက်ကူးရန် ရည်ရွယ်ထားသည့်အနုပညာရှင်များဖြင့်သာ ဆက်လက်ရိုက်ကူးသွားရန်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required