သတင်းလွတ်လပ်ခွင့်နှင့် ဖမ်းဆီးခံ သတင်းထောက်များ လွတ်မြောက်ရေး အသိပေးလှုပ်ရှားမှု ပြုလုုပ်

သတင်းလွတ်လပ်ခွင့်နှင့် ဖမ်းဆီးခံ သတင်းထောက်များ လွတ်မြောက်ရေး အသိပေးလှုပ်ရှားမှု ပြုလုုပ်

ရန်ကုန် ဇန်နဝါရီ ၂၃ ။            ။ သတင်းလွတ်လပ်ခွင့်ဆုံးရှုံးနေခြင်း၊ သတင်း ထောက်များအဖမ်းခံနေရခြင်းနှင့်ပတ်သက်ပြီး ပြည်သူလူထုသို့ အသိပေးရှင်းလင်းသည့် မီဒီယာ လှုပ်ရှားမှုတစ်ခုကို ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့၊ ညနေပိုင်းက ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းဂုံးကျော်တံတားအောက်တွင် ပြုလုပ်ခဲ့သည်။

ယင်းလှုပ်ရှားမှုကို မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ(PCMJ)က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ သတင်းမီဒီယာသမားများ ပါဝင်ခဲ့ကြသည်။

" လူထုကြားထဲမှာ ပထမဆုံး ကျွန်တော်တို့တွေ စဆင်းတာ၊ အဓိက သတင်းမီဒီယာတွေ ဖိနှိပ်ခံ နေရတယ်၊ သတင်းမီဒီယာတွေ ဖိနှိပ်ခံနေရတဲ့ အခြေအနေက ပြည်သူလူထုက သတင်းသိပိုင်ခွင့် ဆုံးရှုံးနေတယ်၊ အဲဒီတော့ မီဒီယာသမားတွေ အဖမ်းခံရတယ်ဆိုတာ ပြည်သူလူထုက သတင်းမှန် သိဖို့ ခက်ခဲသွားပြီ၊ အဲဒါကြောင့် ဒီလိုကမ်ပိန်းမျိုး စလုပ်တာပါ" ဟု မြန်မာသတင်းသမားများ ကာ ကွယ်ရေးကော်မတီ (PCMJ)၏ အဖွဲ့ဝင် ကိုသာလွန်ဇောင်းထက်က ပြောသည်။

ထို့ပြင် လက်ရှိအနေအထားတွင် သတင်းထောက် များ အဖမ်းခံရခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့် ကျဆင်းနေပြီး၊ ယခုအစိုးရလက်ထက်တွင် ပိုဆိုးလာသည်ဟု ကိုသာလွန်ဇောင်းထက်က ဆက် ပြောသည်။

" အရမ်းကျဆင်းလာတယ်၊ ဒီနေ့ သတင်းသမား တွေ အဖမ်းခံနေရတာကိုကြည့်ရင် ဒီအစိုးရလက် ထက်မှာ ပိုဆိုးလာတာ တွေ့ရတယ်" ဟု မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ)၏ အဖွဲ့ဝင် ကိုသာလွန်ဇောင်းထက်က ပြောသည်။

ယင်းလှုပ်ရှားမှုတွင် "ပြည်သူလူထု၏ သတင်းသိရှိ ပိုင်ခွင့် ဆုံးရှုံးနေမှုနှင့် သတင်းမီဒီယာဖိနှိပ်ခံနေရမှု အသိပေးခြင်း" စာတမ်းများကို လက်ဆင့်ကမ်း ဖြန့် ဝေခြင်း၊ သတင်းလွတ်လပ်ခွင့်ရှိရမည် ဟူသည့် စတေကာများကို ကားများတွင် ခွင့်ပြုချက်တောင်း၍ကပ်ခြင်းများနှင့် ဖမ်းဆီးခံသတင်းသမားများ အမြန်ဆုံးလွှတ်ပေးရေး၊ သတင်းရယူခြင်းသည် ရာဇဝတ်မှုကျူးလွန်ခြင်း မဟုတ်ပါဟူသော ဗီနိုင်း ပိုစတာများဖြင့် လှုံ့ဆော်ပညာပေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

ရိုက်တာသတင်းဌာနမှ ကိုဝလုံး(ခ)ကိုသက်ဦးမောင် မောင်နှင့် ကိုကျော်စိုးဦး(ခ)ကိုမိုးအောင်တို့ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့ ညက ရခိုင်မြောက် ပိုင်း လုံခြုံရေးဆောင်ရွက်ချက်များ အပါအဝင် ၎င်းဒေသတွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရ၏ လျှို့ဝှက်ချက်များကို ပြင်ပသို့ ပေါက်ကြားစေရန် ရည်ရွယ်သည်ဟု ဆိုကာ ဖမ်းဆီးတရားစွဲဆို ခံထားရသည်။

၎င်းတို့ ၂ ဦးဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအပါအဝင် အီးယူ၊ မြန်မာ သတင်းသမားများကာကွယ်ရေး ကော်မတီ(PCMJ)နှင့် မြန်မာသတင်းသမားများဖွဲ့ ၁၂ ဖွဲ့ထက်မနည်းတို့က မြန်မာအစိုးရကို ထိုကိစ္စ အား ရှင်းလင်းပေးရန်နှင့် ဖမ်းဆီးခံသတင်းသမား ၂ ဦးတို့ကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌ စွပ်စွဲခံရသူ သတင်းထောက်နှစ်ဦးကို ၂ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင် နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်အား ဖမ်းဆီးပြီးနောက် တရားစွဲဆိုရန် သမ္မတရုံးသို့ ခွင့်ပြုမိန့်တောင်းသည့် စာမှာ ၁ နာရီအချိန်အတွင်းအဆင့် သင့်ဖြစ်နေခဲ့ကြောင်း သတင်းထောက် ကိုကျော်စိုးဦးဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required