ကိတ်ဘလန့်ချက်၊ အယ်လ်တွန်ဂျွန်နှင့် ရှာရွတ်ခန်းတို့ လူ့အခွင့်အရေးဆုရရှိ

ကိတ်ဘလန့်ချက်၊ အယ်လ်တွန်ဂျွန်နှင့် ရှာရွတ်ခန်းတို့ လူ့အခွင့်အရေးဆုရရှိ

ရုပ်ရှင်နှင့်ဂီတနယ်ပယ်မှ နာမည်ကျော်အနုပညာရှင်များဖြစ်ကြသော မင်းသမီးကိတ်ဘလန့်ချက်၊ အဆိုတော် နှင့်တေးရေးဆရာ ဆာအယ်လ်တွန်ဂျွန်နှင့် ဘောလိဝုဒ်မင်းသားကြီး ရှာရွတ်ခန်းတို့သည် ဆွစ်ဇာလန်နိုင်ငံ ဒါဗော့စ်မြို့တွင် တနင်္လာနေ့ကပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၌ လူ့အခွင့်အရေးဆုများ ရရှိခဲ့သည်။

သြစတြေးလျမင်းသမီးကြီး ဘလန့်ချက်သည် အိုးအိမ်စွန့်ခွာထွက်ပြေးလာသူများအား အကူအညီပေးခဲ့သော သူမ၏လုပ်ဆောင်ချက်အတွက် Crystal Award ဆုကို ရရှိခဲ့သည်။ ဒါ့အပြင်ဗြိတိန်မှ အဆိုတော်နှင့်တေးရေး ဆရာကြီး အယ်လ်တွန်ဂျွန်ကလည်း သူ၏ပရဟိတလုပ်ငန်းများနှင့် AIDS ဖောင်ဒေးရှင်းတို့အတွက် ယခုလို ဂုဏ်ပြုခံရခြင်းဖြစ်သလို ရှာရွတ်ခန်းကလည်း အိန္ဒိယမှကလေးသူငယ်များနှင့် အမျိုးသမီးများ၏ အခွင့်အရေး အတွက် ရပ်တည်ကာကွယ်ပေးခဲ့ခြင်းကြောင့် ယခုလို လူ့အခွင့်အရေးဆုများ ရရှိခဲ့ကြခြင်းဖြစ်သည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်သည် လူ့အသိုင်းအဝိုင်း၌ အပြုသဘောဆောင်သော အပြောင်းအလဲများကို လုပ်ဆောင်နေ သည့် အနုပညာရှင်များအား Crystal Award ဟု အမည်ပေးထားသော လူ့အခွင့်အရေးဆုကို ဂုဏ်ပြုချီးမြှင့် လျက်ရှိသည်။

နှစ်စဉ်ကျင်းပနေကျဖြစ်သော ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ဆွစ်ဇာလန်နိုင်ငံရှိ အဲလ်ပ်တောင်တန်းများမှ ဒါဗော့စ် မြို့ကလေးတွင် ပြုလုပ်ခဲ့ပြီး ကမ္ဘာ့ထိပ်သီး မူဝါဒချမှတ်သူများနှင့် နိုင်ငံတော်အုပ်ချုပ်မှုကဏ္ဍမှ အရာရှိကြီးများ တက်ရောက်ခဲ့ကာ အနုပညာရှင်များကို အခမ်းအနား၌ ယခုလိုဂုဏ်ပြုဆုပေးအပ်ခဲ့ခြင်းဖြစ်သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required