ကမ္ဘာမြေ စောင့်ကြည့်လေ့လာရေးဂြိုဟ်တုသစ် ဂျပန်တို့ အောင်မြင်စွာ လွှတ်တင်

ကမ္ဘာမြေ စောင့်ကြည့်လေ့လာရေးဂြိုဟ်တုသစ် ဂျပန်တို့ အောင်မြင်စွာ လွှတ်တင်

ဇန်နဝါရီ ၁၈ ။           ။ ကမ္ဘာမြေ စောင့်ကြည့်လေ့လာရေး ဂြိုဟ်တုသစ် တစ်စင်းကို ဂျပန် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ JAXA က ဇန်နဝါရီ ၁၈ ရက်မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 အဆိုပါ ဂြိုဟ်တုမှာတော့ ကမ္ဘာမြေပြင်အနေအထား ပုံရိပ်တွေကို ရုပ်ထွက်ပြတ်သားမှုအားကောင်းစွာနဲ့ ဖမ်းယူရရှိနိုင်မယ့် X-band ရေဒါကိုပါ တပ်ဆင်ပြီး လွှတ်တင်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ကာဂိုရှီးမား စီရင်စု အနောက်တောင်ပိုင်းက Uchinoura အာကာသစင်တာကနေပြီးတော့ ဒေသစံတော်ချိန် ၆ နာရီ နဲ့ ၆ မိနစ်မှာ အဆိုပါ ASNARO-2 ဂြိုဟ်တုကို တတိယမျိုးဆက်သစ် Epsilon ဒုံးပျံတစ်စင်းမှာ တင်ပြီး လွှတ်တင်လိုက်တာဖြစ်ကြောင်း JAXA က ထုတ်ပြန်ပါတယ်။

" ဒီလွှတ်တင်မှုက ချောချောမွေ့မွေ့ပါပဲ၊ ပုံမှန်အတိုင်းပါ" ဆိုပြီး JAXA က ထုတ်ပြန်ပါတယ်။ ပျံတက်သွားပြီး ခန့်မှန်းခြေအားဖြင့် ၅၂ မိနစ်လောက်အရောက်မှာ ကီလိုဂရမ် ၅၇၀ ရှိ ASNARO-2 ဂြိုဟ်တုဟာ ဒုံးပျံကနေ အောင်မြင်စွာ သီးခြား ခွဲထွက်သွားနိုင်တယ်လို့လည်း ယင်းကထပ်မံ ထုတ်ပြန်သွားပါတယ်။

ဂျပန်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ NEC ကနေ ထုတ်လုပ်တည်ဆောက်ထားခဲ့တဲ့ အဆိုပါ ASNARO-2 ဂြိုဟ်တုဟာ ယင်းရဲ့ ဂြိုဟ်ပတ်လမ်းအတိုင်း လှည့်လည်ပြီး ကမ္ဘာမြေ စောင့်ကြည့်လေ့လာရေးတာဝန်တွေကို ငါးနှစ်ကြာထမ်းဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခု ဂြိုဟ်တု လွှတ်တင်မှုအတွက် ခန့်မှန်ကုန်ကျငွေ ဒေါ်လာ ၃၆ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required