၅ နှစ်ခန့် ကြိုးချည်ခံထားရသော စိတ်ကျန်းမာရေးချို့တဲ့ကလေးငယ် ဆေးကုသ၍ မရနိုင်ဟုဆို

၅ နှစ်ခန့် ကြိုးချည်ခံထားရသော စိတ်ကျန်းမာရေးချို့တဲ့ကလေးငယ် ဆေးကုသ၍ မရနိုင်ဟုဆို
မိဘများတောင်ယာသွားလုပ်စဉ် ကလေးငယ်အား ကြိုးချည်ထားခဲ့ရသည့် အခြေအနေအား တွေ့မြင်ရစဉ် ။ ဓာတ်ပုံ- ဒေါ်မြမြထွေး

 

ရန်ကုန်၊ ဒီဇင်ဘာလ ၂၁ ။            ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ မန်အုံကျေးရွာမှ စိတ်ကျန်းမာရေးချို့တဲ့သဖြင့် ၅ နှစ်ခန့် အိမ်တိုင်တွင် ကြိုးဖြင့်ချည်ထားရသော ကလေးငယ် မှာ ဆေးကု၍ မရနိုင်တော့ကြောင်း ကလေးငယ်ကို ကူညီပေးနေသည့် ရွှေ ကြာလူမှုကူညီရေးအသင်းတည်ထောင်သူ မရွှေကြာက မဇ္စျိမသို့ ပြောသည်။

အဆိုပါ ကလေးငယ်ကို ဆေးကုသပေးရန်အတွက်  ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရွှေကြာလူမှုကူညီ ရေးအသင်းမှ မန္တလေးမှတစ်ဆင့် ရန်ကုန်သို့ သွားရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ်ကို ဆေးကုပေး ရန် ရန်ကုန်ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံအပါအဝင်ဆေး ရုံ ၄ ခုထိ ပြောင်းရွှေ့ခဲ့ရသည်။

နောက်ဆုံး ကလေးငယ်ကို ရန်ကုန်ဟယ်ပင်ကလေးဆေးရုံတွင် ဆေးစစ်မှုများပြုလုပ်ပေးခဲ့ပြီး ယနေ့ ဒီဇင်ဘာ လ ၂၁ ရက်တွင် အဆိုပါ ဆေးရုံမှ ဆရာဝန်ပြောပြချက်အရ ကလေးငယ်၏ ဦးနှောက်ပိုင်းဆိုင်ရာအတွင်းပိုင်း ၃ဝ ရာခိုင်နှုန်းမှာ ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုးကြောင့် ပျက်စီးနေသည့်အတွက် ကုသ၍ မရနိုင်တော့ဟု သိရ ကြောင်း  မရွှေကြာက ပြောသည်။

“ အခုဆရာဝန်က ဘာပြောလဲဆိုတော့ ကလေးက အရင်က ဦးနှောက်ရောင်ဖူးတယ်လို့ သူတို့ ကောက်ချက်ချ တယ်တဲ့။ အခုဖြစ်နေတာ ဘာကြောင့်လဲဆိုပြီး ဆရာဝန်ကို မေးတော့  ဦးနှောက်နဲ့ ပတ်သက်တဲ့ ထိခိုက်မှု ဖြစ်ပြီးတော့ ဘာကြောင့်လဲဆိုတာတော့ ပြောလို့မရဘူးပေါ့..။ ဗိုင်းရပ်စ်တစ်မျိုးကြောင့် အခုလက်ရှိ ဦးနှောက် ရဲ့အနေအထားက ၃ဝ ရာခိုင်နှုန်းက ဆုံးရှုံးပြီးတော့မှ ရဝ ရာခိုင်နှုန်းက ဒီအပေါ်မှာ တောင့်မခံနိုင်ဘူးပေါ့။ ဒါ ကြောင့် ဒါကဦးနှောက်ဖြစ်တော့ ကုသလို့ မရတော့ဘူးပေါ့”ဟု မရွှေကြာက ပြောသည်။

ထိုကြောင့် ကလေးငယ်ကို မရွှေကြာက နောက်ဆုံးအနေဖြင့် ဆရာမဒေါ်သန်းမြင့်အောင် တည်ထောင်ထား သည့် မင်္ဂလာဒုံမြို့နယ်ရှိ ကလေးစောင့်ရှောက်ရေး ရတနာဂေဟာသို့ ပို့ဆောင်စောင့်ရှောက်ပေးရန် ရည်ရွယ် ထားသော်လည်း လတ်တလော ကလေးမိဘများက လက်မခံသေးကြောင်း သိရသည်။

“ အဓိက ကလေးက စိတ်ငြိမ်ဆေးတိုက်ထားတဲ့အတွက် မျက်လုံးက ဟိုကစား၊ ဒီကစားဖြစ်နေတော့.. ကလေး အမေက ကျွန်မကို ကလေးအခြေအနေမကောင်းဘူးတဲ့  အဲ့လိုပြောတယ်။ ပထမနေမယ့်ကိစ္စ နောက်မနေ တော့ဘူးတဲ့ ဖြစ်သွားပြန်ရော။ ကျွန်မက ဒါက စိတ်ငြိမ်ဆေးတိုက်ထားလို့ ဖြစ်တာပါဆိုပြီး ရှင်းပြတာလည်း လက်မခံဘူး။ ဆေးပညာအသိ အားနည်းတာပေါ့။ လက်မခံဘူးဆိုတော့ ကလေးကို တကယ်တမ်းတော့ ကျွန်မ တို့ သူတို့ကို မနက်ဖြန်ပြန်ပို့လိုက်ရင်ရတယ်။ ကျွန်မ မအားရင်တော့ ကျွန်မအဖွဲ့တွေရှိတယ်လေ။ ဒါပေမယ့် ကျွန်မမပို့ပေးသေးဘူး။ မအားဘူးဆိုပြီး ဂေဟာမှာ သူတို့ကို နှစ်ရက်လောက်သွားထားမယ်။ အဲ့ဒီမှာ သူများကလေးတွေဘယ်လိုနေလဲ။ သူတို့ ဘယ်လိုပျော်နေကြသလဲ။ သူများ ဘယ်လိုကောင်းကောင်း စောင့် ရှောက်လဲဆိုတာနဲ့ စိတ်ချလက်ချ ထားသွားနိုင်တဲ့ အခြေအနေတွေကို သိစေချင်လို့ပါ။ ဒါကျွန်မရဲ့ နောက်ဆုံး ကြိုးစားချက်ပါပဲ။ ဒါလည်း မထားချင်ပါဘူးဆိုရင်တော့ ကျွန်မဘက်က စိတ်မကောင်းကြီးစွာနဲ့ပဲ ပြန်ပို့ပေးရ မှာပေါ့ ”ဟု မရွှေကြာက လက်ရှိအခြေအနေကို ရှင်းပြသည်။

အဆိုပါ ကလေးငယ်မှာ  ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်တွင်  အဖျားရောဂါဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၃ ရက်ခန့် သတိလစ် သွားခဲ့သဖြင့် မိဘများက မိုးမိတ်ဆေးရုံတွင် ဆေးကုသပေးခဲ့သည်။

သို့သော် မသက်သာသဖြင့် ဆရာဝန်က မိုးကုတ်ဆေးရုံသို့ သွားရောက်ဆေးကုသရန် ညွှန်ကြားခဲ့သော်လည်း မိဘဖြစ်သူများက ငွေကြေးမတတ်နိုင်သဖြင့် ဆက်ပြီး ဆေးကုသမှုမပေးနိုင်ခဲ့ရာမှ ကလေးငယ်မှာ ယခုကဲ့သို့ စိတ်ကျန်းမာရေးချို့တဲ့သည့် ဝေဒနာခံစားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စိတ်ကျန်းမာရေး ချို့တဲ့သည့် ဝေဒနာခံစားခဲ့ရသည့်  ကလေးငယ်ကို ထိခိုက်အနာတရဖြစ်မည်စိုးသဖြင့် မိဘများက တောင်ယာသွားလုပ်အခါတိုင်း အိမ်တိုင်တွင် ကြိုးဖြင့်ချည်ထားခဲ့ရကြောင်း ကာယကံရှင် မိဘဖြစ် သူများပြောပြချက်အရသိရသည်။

ထိုသို့ မိဘများလုပ်ငန်းခွင်သွားတိုင် အိမ်တိုင်တွင် ကလေးငယ်ကို ကြိုးဖြင့် ချည်ထားခဲ့ရသည်မှာ ၅ နှစ်ခန့် ရှိပြီဖြစ်ပြီး လက်ရှိတွင် ကလေးငယ်၏ အသက်မှာ ၁ဝ နှစ်ခန့်ဝန်းကျင်ရှိပြီ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly