မန္တလေး၊ ဒီဇင်ဘာ ၃ ။ ။ တစ်နေ့လျှင် အခြေခံနှုန်းထား အနည်းဆုံးအခကြေးငွေ ၅၆၀၀ ကျပ် ရရှိရေးအတွက် အလုပ်သမားများက နိုဝင်ဘာလ ၃ ရက်၊ နံနက်ပိုင်းတွင် မန္တလေးမြို့၌ ဆန္ဒပြတောင်းဆိုလျှက်ရှိသည်။
တစ်ရက်ကို အနည်းဆုံးလုပ်ခလစာ ၅၆၀၀ ကျပ်ထက်မနည်းရှိရေး၊ အနည်းဆုံးလုပ်ခလစာဥပဒေကို (၂)နှစ် တစ်ကြိမ် ပြင်ဆင်သတ်မှတ်ရေးနှင့် ပြည်ထောင်စုဝန်ကြီးမှ လွှတ်တော်ကိုတင်ပြပြီးမှ အနည်းဆုံး လုပ်ခလစာ ကို သတ်မှတ်မည့်ကိစ္စကို လက်မခံကြောင်း စသည့်အချက်များနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၃ ရက်၊ နံနက်ပိုင်းက မန္တလေးမြို့၊၆၂ လမ်းအတိုင်း ကနောင်မင်းသားကြီးလမ်းတစ်လျှောက်နှင့် ဖိုးရာဇာလမ်းရှိ ကနောင်ခန်းမအထိ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယခုဆန္ဒထုတ်ဖော်ပွဲတွင် မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ တစ်နိုင်ငံလုံးရှိ အလုပ်သမားအရေးဆောင်ရွက်နေသောအဖွဲ့အစည်း (၃၃)ဖွဲ့၊ ထိုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော အနည်းဆုံးလုပ်ခလစာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီနှင့် အလုပ်သမားထုအင်အား (၁၅၀၀)ခန့် ပါဝင် တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြအလုပ်သမားများသည် စက်မှုပန်းခြံမှစတင်၍ ၆၂လမ်းအတိုင်း ကနောင်မင်းသားကြီးလမ်း၊ ၎င်းမှ ကနောင်ခန်းမအထိ "တစ်ရက် လုပ်အားခ ၅၆၀၀ ရရှိရေး၊တို့အရေး။ အနည်းဆုံး အခကြေးငွေ ၂ နှစ်တစ်ကြိမ် ပြင်ဆင်သတ်မှတ်ပေးရေး၊ တို့အရေး" စသည့် တောင်းဆိုချက်များ တောင်ဆိုချီတက်ခဲ့ကြသည်။
ယနေ့ ဒီဇင်ဘာလ ၃ ရက်တွင် ရန်ကုန်မြို့၌လည်း အလုပ်သမားများက တစ်ရက်ကို အနည်းဆုံးလုပ်ခလစာ ၅၆၀၀ ကျပ်ထက်မနည်းရှိရေးအတွက် လှိုင်သာယာတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။