ဘူးသီးတောင်နှင့် မောင်တောကို ရိုဟင်ဂျာနယ်မြေအဖြစ် သိမ်းပိုက်ဖို့ ရည်ရွယ်နေသည်ကို ဖော်ထုတ်တွေ့ရှိဟု ပြည်ထဲရေး ဝန်ကြီးပြော

ဘူးသီးတောင်နှင့် မောင်တောကို ရိုဟင်ဂျာနယ်မြေအဖြစ် သိမ်းပိုက်ဖို့ ရည်ရွယ်နေသည်ကို ဖော်ထုတ်တွေ့ရှိဟု ပြည်ထဲရေး ဝန်ကြီးပြော
ဓာတ်ပုံ-သူရ
 

ရန်ကုန်၊ သြဂုတ် ၂၉ ။           ။ အကြမ်းဖက်သမားများအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်နှင့် မောင်တောကို ရိုဟင်ဂျာနယ်မြေအဖြစ်သိမ်း ပိုက်ဖို့ရည်ရွယ်ပြီး တိုက်ခိုက်နေခြင်းဖြစ်သည်ကို  ဖော်ထုတ်တွေ့ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကပြောဆိုလိုက်သည်။

"ဘင်္ဂါလီလူမျိုးများဟာ ဘူးသီးတောင်၊ မောင်တောနယ်မြေကို သူတို့ရဲ့ ရိုဟင်ဂျာနယ်မြေအဖြစ်သိမ်းပိုက်ဖို့ ရည်ရွယ်ပြီးဆောင်ရွက်တယ်ဆိုတာကို ဖော်ထုတ်လို့ရပါတယ်။ လက်ရှိဒေသရဲ့ အခြေအနေကတော့ ကျေးရွာမှာတော့ အုပ်ချုပ်ရေးစနစ်ဟာ အနည်းငယ်ပျက်ပြားလျက်ရှိပါတယ်။ ဘူးသီးတောင်၊ မောင်တာမြို့ပေါ်မှာတော့ အစိုးရအနေနဲ့ ထိန်းသိမ်းနိုင်တဲ့အနေအထားမှာ ရှိပါတယ်" ဟု ၎င်းကပြောဆိုသည်။

ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် သြဂုတ် ၂၉ ရက်က ပြုလုပ်သည့် အမျိုးသားလုံခြုံရေးအဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့်   နိုင်ငံတကာသံအမတ်များ တွေ့ဆုံပွဲတွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရိုဟင်ဂျာဆိုသည့် တိုင်းရင်းသား လုံးဝ မရှိဟုလည်း ဝန်ကြီးကပြောသည်။

အကြမ်းဖက်မှုစတင်ဖြစ်ပွားသည့် ၂၀၁၆ခုနှစ် အောက်တိုဘာ ၉ ရက်မှ သြဂုတ်လ ၂၉ ရက်အထိ ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်ကြောင့် လက်နက် ၃၈ လက်ကို အကြမ်းဖက်သမားများက ရရှိထားပြီး ၆၃ ဦး အသတ်ခံထားရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲရေးချုပ်ကပြောသည်။

အဆိုပါ အမျိုးသားလုံခြုံရေးအဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတကာသံအမတ်များ တွေ့ဆုံပွဲတွင် အမျိုးသားလုံခြုံရေးအဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ မြန်မာနိုင်ငံ ရဲရေးချုပ်တို့က နိုင်ငံတကာမှ သံသမန်များကို ခေါ်ယူ၍ ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required