အိုင်အက်စ်ခေါင်းဆောင် မသေသေးဘဲ အသက်ရှင်နေဆဲဟု အမေရိကန် ယုံကြည်

အိုင်အက်စ်ခေါင်းဆောင် မသေသေးဘဲ အသက်ရှင်နေဆဲဟု အမေရိကန် ယုံကြည်

ဇူလိုင် ၂၂ ။              ။ သေဆုံးသွားခဲ့ပြီဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားခဲ့သည့် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အဘူဘက်ကာအယ်လ်ဘဂ္ဂဒါဒီ ယခုထက် အသက်ရှင်နေဆဲဟု ယုံကြည်ထားကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိန်းမ် မက်တစ်စ်က ပြောကြားလိုက်သည်။

" ကျွန်တော်ကတော့ သူခုထိ အသက်ရှင်နေသေးတယ်လို့ပဲ ထင်တယ်၊ ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ကိုယ်တိုင် သူ့ကို သတ်လိုက်နိုင်တဲ့အချိန်ကျမှ သူသေပြီဆိုတာကိုပဲ ကျွန်တော်လက်ခံရပါလိမ့်မယ်" ဟု ပင်တဂွန်အကြီးအကဲက သတင်းထောက်များကို ပြောသွားသည်။

" ခုချိန်မှာ သူ့ကို ကျွန်တော်တို့ ရှာနေတယ်၊ သူအသက်ရှင်နေဆဲလို့ပဲ ယူဆထားပါတယ်" ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်လများအတွင်းကမူ အိုင်အက်စ်ခေါင်းဆောင် ဘဂ္ဂဒါဒီ သေဆုံးသွားပြီဆိုသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ၎င်းကို သတ်ပေးနိုင်သူကို ဒေါ်လာ ၂၅ သန်းပေးမည်ဟု အမေရိကန်တို့က ဆုပေးထုတ်ထားခဲ့သော်လည်း ဘဂ္ဂဒါဒီမှာ အီရတ်နှင့် ဆီးရီးယားတို့ရှိ ၎င်းတို့အကြမ်းဖက်အဖွဲ့ သိမ်းပိုက်ထားသော နယ်မြေအတွင်း ပုံမှန်အတိုင်း အေးရာအေးကြောင်းပင် သွားလာလှုပ်ရှားနေခဲ့ကြောင်း သတင်းများ ထွက်ပေါ်ထားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required