ဘရာဇီးသမ္မတဟောင်းကို ထောင်ချ၍ ထောက်ခံသူနှင့် ကန့်ကွက်သူများကြား ဆန္ဒပြမှုများ ဖြစ်ပွား

ဘရာဇီးသမ္မတဟောင်းကို ထောင်ချ၍ ထောက်ခံသူနှင့် ကန့်ကွက်သူများကြား ဆန္ဒပြမှုများ ဖြစ်ပွား

ဆော်ပေါလို၊ ဇူလိုင် ၁၃ ။             ။ ဘရာဇီးသမ္မတဟောင်း လူလာဒီဆေဗာအား ဇူလိုင် ၁၃ ရက်တွင် ထောင်ဒဏ်ချမှတ်လိုက်ခြင်းအပေါ် ထောက်ခံသူနှင့် ကန့်ကွက်သူ နှစ်ရပ်စလုံးက ဆော်ပေါလိုက လမ်းများတွင် ဆန္ဒပြမှုများ ဖြစ်ပွားသဖြင့် ထိပ်တိုက်တွေ့မှုများ ရှောင်ရှားနိုင်ရေးအတွက် စစ်ဖက်ရဲများ ဖြန့်ကြက်ချထားရသည်။

မြို့တွင်း ပေါလီစတာရိပ်သာလမ်းတွင် အကျင့်ပျက်ခြစားမှု ပေါ်ပေါက်နေသော လက်ရှိ သမ္မတ မိုက်ကယ်တီးမားအား နုတ်ထွက်ပေးရေး တောင်းဆိုသည့် ဆန္ဒပြမှုတစ်ရပ်သည် လူလာအား ထောက်ခံသည့် ဆန္ဒပြသူများက လွှမ်းမိုးသွား၍ အဆုံးသတ်ခဲ့ရသည်။

ပြည်နယ်တရားသူကြီး ဆာဂျီယိုမိုရိုက ဇူလိုင် ၁၃ ရက်တွင် အကျင့်ပျက်ခြစားမှုနှင့် ငွေကြေးခဝါချမှုတို့ဖြင့် လူလာအား ထောင်ဒဏ်ကိုးနှစ်ခွဲ ချမှတ်လိုက်ပြီးနောက် နိုင်ငံ၏ စီးပွားရေးအချက်အချာဖြစ်သော ပေါလီစတာရိပ်သာလမ်းတွင် ဆန္ဒပြမှု နှစ်ခုထက်မနည်း ပေါ်ပေါက်ခဲ့သည်။

ကုန်သွယ်ရေးသမဂ္ဂများနှင့် လူမှုလှုပ်ရှားမှုများ၏ ဆော်သြမှုဖြင့် လူလာကို အားပေးသူများက ဆော်ပေါလို အနုပညာပြတိုက် အပြင်ဖက်တွင် စုရုံးကာ ယခင်သမ္မတဟောင်းနှင့် အလုပ်သမားသမဂ္ဂခေါင်းဆောင်ဟောင်းဖြစ်သူ လူလာအပေါ် ထောက်ခံမှုကို ပြသခဲ့သည်။

ယင်းလမ်းနှင့် တစ်ဘလောက်အကွာတွင် နိုင်ငံ၏ သြဇာအကြီးမားဆုံး အလုပ်သမားအဖွဲ့အစည်းဖြစ်သည့် ဆော်ပေါလိုပြည်နယ် စက်မှုလုပ်ငန်းရှင်များအသင်းရှေ့တွင် လူလာအား ကန့်ကွက်သူများက စုရုံးကြပြီး ထောင်ဒဏ်အတွက် ဝမ်းမြောက်ကြောင်း ဖော်ထုတ်ပြသခဲ့ကြသည်။ ၎င်းတို့က ဘရာဇီးနိုင်ငံအလံကို ဝှေ့ယမ်းကြကာ ပြည်နယ်တရားသူကြီး မိုရိုကိုလည်း ကောင်းချီးသြဘာပေးကြသည်။

ထိုဆန္ဒပြမှုနှစ်ရပ်သည် လေးနာရီကြာ အပြိုင်အဆိုင်ဖြစ်နေခဲ့ရာ ထိပ်တိုက်တွေ့မှုများ မဖြစ်ပွားရေးအတွက် အတားအဆီးများ ချထားရကြောင်း ဆော်ပေါလိုစစ်ဖက်ရဲဌာနက ပြောသည်။ ဆန္ဒပြအင်အားက မည်မျှရှိကြောင်း ယင်းဌာနက ထုတ်ပြန်ခြင်း မရှိပေ။

လူလာသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ဘရာဇီးနိုင်ငံကို အုပ်ချုပ်ခဲ့ကာ နိုင်ငံပိုင် ရေနံကုမ္ပဏီ Petrobras နှင့်ပတ်သက်ပြီး ကြီးမားသောအကျင့်ပျက် အရှုပ်တော်ပုံ၌ ပါဝင်ပတ်သက်ကြောင်း အပြစ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required