စစ်ကိုင်းပညာရေးကောလိပ်အား ဆန္ဒပြသည့် ကျောင်းသားများ တတိယအကြိမ် ရုံးထုတ်

စစ်ကိုင်းပညာရေးကောလိပ်အား ဆန္ဒပြသည့် ကျောင်းသားများ တတိယအကြိမ် ရုံးထုတ်

မန္တလေး၊ မေလ ၂ ။             ။ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် လမ်း ၈၀၊ ၃၄ လမ်း နှင့် ၃၅လမ်းကြားရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှေ့တွင် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းပညာရေးကောလိပ်တွင် ဖိနှိပ်အုပ်ချုပ်သည်ဟု  ဆန္ဒပြခဲ့သည့် ကျောင်းသား နှစ်ဦးနှင့် ၀န်းရံသူကျောင်းသား နှစ်ဦးတို့အား မတ်လ၂ ရက် နံနက်ပိုင်းက ချမ်းအေးသာစံ တရားရုံးတွင် တတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

'' ဒီနေ့ အမိန့်မချဖြစ်တာက သူတို့ကို အခွင့်အရေးပေးတာပါ၊ သူတို့ကို တရားစွဲခံရသူ တစ်ဦးအနေနဲ့ ရပိုင်ခွင့်အားလုံး ပေးထားပါတယ်၊ သူတို့ ပြောချင်တာ အားလုံး ပြောခွင့်ပေးထားပါတယ်။ အမှုစတင်ကတည်းက တရားလိုပြ သက်သေတွေကို ပြန်မေးလို့ ရပါတယ်၊ ရုံးလုပ်ငန်းက မရှိတော့တဲ့အတွက် နောက်တစ်ပတ် ရုံးချိန်မှ အမိန့်ချသွားမှာပါ၊ ကျောင်းသားလေးဦးမှ နှစ်ဦးက မပါ၀င်ဖို့လို့ဆိုရင် တရားစွဲခံရတဲ့လူတွေ အနေနဲ့ မှားယွင်းကြောင်း ထုချေလို့ ရတယ်၊ သူတို့ ရပိုင်ခွင့်၊ ပြောပိုင်ခွင့်ပေးထားပြီးသားပါ '' ဟု ချမ်းအေးသာစံမြို့နယ် တရားရုံးသတင်းနှင့် ပြန်ကြားရေးအရာရှိ မြို့နယ်တွဲဖက် တရားသူကြီး ဦးမောင်မောင်သက်လွင်က ပြောသည်။

ပညာရေးကောလိပ်တွင် ဖိနှိပ်မှု၊ စစ်တပ်သဏ္ဍာန် ဖိနှိပ်အုပ်ချုပ်သော ကျောင်းအုပ်ချုပ်မှု တို့အား အလိုမရှိကြောင်း နှင့် လွတ်လပ်စွာ ပညာသင်ကြားခွင့်ရရှိရေး၊ သင်ကြားလေ့ကျင့်ပေးရေး၊ ကျောင်းသားထု အခွင့်အရေး အပြည့်အဝ ရရှိရေး စသည့် တောင်းဆိုချက်များဖြင့် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

အာမခံ ယူသွားမည်မဟုတ်ကြောင်း၊ တရားရုံးအနေဖြင့် ပြစ်ဒဏ်၊ ထောင်ဒဏ် ဘယ်သို့ ချမှတ် ချမှတ် ဂရုစိုက်သွားမည်မဟုတ်ကြောင်း၊ ဖမ်းဆီးခံထားရသည့် ကျောင်းသားလေးဦးက ဆိုသည်။

စစ်ကိုင်းပညာရေးကောလိပ်တွင် ဖိနှိပ်အုပ်ချုပ်မှုနှင့်ပတ်သက်၍ ဆန္ဒပြမှုတွင် ကျောင်းသားနှစ်ဦးသာ ဆန္ဒပြခဲ့သော်လည်း ၀န်းရံကျောင်းသားနှစ်ဦးပါ ဖမ်းဆီး ထောင်ချ အရေးယူခြင်းအပေါ် မန္တလေး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားများက ဝေဖန်ပြောဆိုလျက်ရှိသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ အဖွဲ့ဝင် နှင်းအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်   ကောင်းဇော်ဟိန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ   ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ရဲမျိုးဆွေ၊ စစ်ကိုင်းပညာရေးကော်လိပ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဇော်ရဲထွဋ် တို့အား ဆန္ဒဖော်ထုတ်မှုအတွက် မန္တလေးမြို့၊ ချမ်းအေးသာစံတရားရုံးတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ(၁၉)ဖြင့် ရုံးထုတ်စစ်ဆေးလျက်ရှိပြီး မေလ ၉ ရက်နေ့တွင် အပြီးသတ် အမိန့်ချသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required