အနီးကပ်ဆုံး ရန်သူကို ရှာပြီး ချေမှုန်းကြ

အနီးကပ်ဆုံး ရန်သူကို ရှာပြီး ချေမှုန်းကြ

မွေးကင်းစ ကလေး စွန့်ပစ်တဲ့သတင်း၊ ကိုယ့်ကိုကိုယ် သတ်သေတဲ့ သတင်း စတာတွေကို သတင်းစာတွေမှာ ဖတ်မှတ်နေခဲ့ရတာ အတော်ကြာပါပြီ။ ဒီလပိုင်းတွေအတွင်း ထူးခြားလာပြန်တာက ဖခင်တစ်ယောက်က ကလေးတွေကို ဓားနဲ့ခုတ်သတ်၊ ပြီးတော့ ကိုယ့်ကိုကိုယ်လည်း အဆုံးစီရင်တဲ့သတင်းပါ။ နှစ်ကြိမ်လောက်ရှိပြီထင်ပါတယ်။ ခုနောက်ဆုံး ရင်နင့်ဖွယ် သတင်းကတော့ (၂၁.၄.၂၀၁၇) နေ့မှာ မန္တလေးကျံုးရေပြင်ထဲ ခုနှစ်လအရွယ် ကလေးငယ်လေးပိုက်ပြီး ဆင်းသွားတဲ့ မိခင်တစ်ဦးရဲ့ ကိုယ့်ကိုကိုယ် စီရင်မှုသတင်းပါ။ မောင်မှန့်စိတ်ထဲ မကောင်းလိုက်တာ။ လောကကြီးကို ဘယ်လိုမှ ဆက်လက်ရင်ဆိုင်နိုင်စွမ်း မရှိရှာတော့ဘူးထင်ပါရဲ့။ ကလေးကိုကျပြန်တော့လည်း စိတ်ချလက်ချ မထားခဲ့နိုင်ဘူးထင်ပါရဲ့။ တကယ့်ကြေကွဲဖွယ်ရာပါ။ (ဒီသတင်းကို ဖော်ပြခဲ့ကြတဲ့ ကြေးမုံသတင်းစာနဲ့ Daily Eleven သတင်းစာနှစ်စောင်ဟာ ကွဲလွဲမှုတွေ ရှိပါတယ်။ ကြေးမုံက ကလေး ရှင်ကျန်ရစ်တယ်လို့ ဖော်ပြပြီး Eleven ကတော့ ကလေးပါ သေဆုံးတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဘယ်ဟာမှန်သလဲတော့ မသိပါဘူး။)

ပြည်သူတွေဟာ အတိဒုက္ခရောက်နေကြပါတယ်။ မိဘမေတ္တာတွေ၊ မြင့်မိုရ်တောင်ဥိး မကကျူးသားတွေ အလုပ်ဖြစ်ဟန် မတူကြတော့ပါဘူး။ ကမ္ဘာမီးလောင်တဲ့ခေတ်ကို ရောက်နေတဲ့သဘောပါပဲ။  အကြောင်းတွေ ရှိပါလိမ့်မယ်။ မောင်မှန် လက်လှမ်းမီသလောက် ပြောကြည့်ပါရစေခင်ဗျာ။

အရင်အစိုးရအဆက်ဆက် လက်ထက်တွေမှာ ပြည်သူတွေဟာ မြေအသိမ်းခံရ၊ ယာအသိမ်းခံရနဲ့ အတော်ဒုက္ခတွေ့ခဲ့ကြပါတယ်။ ၂၀၁၅ မှာကျ ပြည်သူ့အစိုးရ တက်လာပြီဆိုတော့ ဝမ်းမြောက်ရွှင်လန်းကြတာပေါ့။ အသိမ်းခံထားရတဲ့ မြေယာတွေ ပြန်လည်ရရှိတော့မှာပဲဆိုပြီး အားတက်ကုန်တာပေါ့။ ဒါပေမဲ့ သက်ဆိုင်သူတွေလက်ထဲ မြေယာတွေ ပြန်ရောက်ဖို့ အရေးဟာ ကြန့်ကြာနေရပါသတဲ့။ ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီဥက္ကဌ ဦးကျော်မြင့်က "အရင်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်လေ။ မှားမှားယွင်းယွင်း လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက သူတို့က အုပ်ချုပ်ရေးပိုင်းတွေရော သူတို့လုပ်ခဲ့တဲ့ လုပ်ငန်းတွေအပေါ်မှာ မှားမှားယွင်းယွင်း လုပ်ခဲ့တာရှိတယ်။ အဲဒီ မှားမှားယွင်းယွင်း လုပ်ခဲ့တာတွေကို ပြန်လည်ကာကွယ်တဲ့အနေနဲ့ လုပ်မပေးကြဘူး။ ဥပမာပြောရရင် ထွေ/အုပ်တို့ ရေဆင်းတို့ပေါ့။ အဲဒီ ပုဂ္ဂိုလ်တွေကနေပြီးတော့ လုပ်ငန်းကို ကြန့်ကြာတဲ့သဘောမျိုးလို၊ နောက်ဆုံးဖြတ်ချက် မှားယွင်းတာတွေ ထပ်ပြီးတော့ အမှားကို အမှားနဲ့ ပြန်ဖုံးတာ၊ အဲဒါမျိုးတွေရှိတယ်။ အဲဒီတော့ လုပ်တဲ့နေရာမှာ နည်းနည်း အခက်အခဲ ကြန့်ကြာနေတာမျိုးတွေ ရှိတယ်" လို့ ပြောပါတယ်။ ဖြေရှင်းပေးနေရတဲ့ သူတွေရဲ့ အခက်အခဲက အတော်ကြီးနေပုံ ရပါတယ်။ အရင်ကလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက အရင်ကလုပ်ခဲ့တဲ့ အမှားတွေကို ဖုံးအုပ်ကာကွယ်ဖို့ နောက်ထပ် အသစ်အသစ်သော အမှားတွေ ဆက်လက်ကျူးလွန်ကြသတဲ့။ အလုပ်လုပ်မပေးကြဖူးတဲ့။

အမှားကို အမှားနဲ့ဖုံးလို့ကတော့ အမှားသံသရာ လည်နေမှာပါပဲ။ ဥပမာ ထွေအုပ်တို့၊ ရေဆင်းတို့ပေ့ါတဲ့။ ထွေ/အုပ်က ဒီအလုပ်တွေ လုပ်သတဲ့လား။ မောင်မှန်ဖြင့် အံ့သြရပါတယ်။ 

တစ်ခါ ရှမ်းပြည်နယ်မှာ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ အကြိုဆွေးနွေးပွဲ လုပ်တာမှာ ကြိုတင်ဖိတ်ကြားမှုမပြုဘဲ ကပ်ဖိတ်လို့ လူပြောစရာ ဖြစ်ခဲ့တာလည်း ရှိပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ် NLD ဥက္ကဋ္ဌ ဦးနေဇော်နိုင်က ''ဖိတ်ချိန်က ညနေလေးနာရီ၊ အစည်းအဝေးလုပ်ချိန်က ညနေငါးနာရီဆိုတော့ ဆွေးနွေးရမယ့် အကြောင်းအရာတွေက တကယ့်ကို Heavy တွေချည်းပဲ။ နိုင်ငံရေး၊ ဖက်ဒရယ်အရေး၊ တိုင်းရင်းသား တန်းတူညီမျှရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေး စသဖြင့် အများကြီး ဆွေးနွေးမှာကို ဒီလောက်အချိန်ပိုင်းလေးနဲ့ ဆွေးနွေးလို့ မရဘူးလေ၊ ဘယ်လိုကြောင့်လဲတော့ စဉ်းစားလို့ မတက်တော့ဘူး။ မနေ့က ဆွေးနွေးချက်ကို ဒီနေ့ ဆယ်နာရီကို အထက်ကိုတင်ရမယ်ဆိုတော့ အားလုံး ပျာယာခက်ပြီးတော့ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်ကုန်တာပေါ့" လို့ ပြောပါတယ်။

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်ကလည်း "မနေ့က သူတို့လုပ်တာ ပုံစံမဟုတ်ဘူး၊ ငါးနာရီအစည်းအဝေးကို လေးနာရီခွဲမှာ အကြောင်းကြားတယ်၊ ကျနော်က ရွာရောက်နေတယ်၊ လုပ်နည်းလုပ်ဟန်တွေက သဘာဝမကျဘူး။ အနည်းဆုံးတော့ တစ်ရက်လောက်တော့ ကြိုပြောသင့်တယ်လို့ ထင်တာပေါ့" လို့ ပြောပါတယ်။ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်မှာကို နာရီဝက်၊ တစ်နာရီလောက် ကြိုပြီးဖိတ်သတဲ့၊ ဆွေးနွေးပွဲတက်ရမယ့် ပုဂ္ဂိုလ်တွေက အသံထက်မြန်တဲ့ ယာဉ်တွေဘာတွေ စီးသွားရမယ့်သဘော၊ နယ်တွေမဆိုထားနဲ့ ရန်ကုန်မှာတောင် သိပ်အဆင်ပြေနိုင်မယ် မထင်ဘူး။ (နေပြည်တော်မှာဆိုရင်တော့ ဟုတ်တာပေါ့) ဦးစိုင်းထွန်းဉာဏ်ပြောသလိုပဲ၊ လုပ်နည်းလုပ်ဟန်တွေက သဘာဝမကျဘူး။ ဘယ်သူတွေက ဘာကြောင့် လုပ်နေတာလဲ၊ မောင်မှန် ဆင်ခြင်ကြည့်ပါတယ်။ ဒီကိစ္စမှာတော့ ဘယ်သူတွေလုပ်တယ်ဆိုတာ ဘယ်သူကမှ တိတိကျကျ မပြောတဲ့အတွက် မောင်မှန် မသိပါဘူး။ ဘာကြောင့်လုပ်နေတာလဲဆိုတော့ လုပ်လို့ရလို့ လုပ်နေတာပါ။ ဘာကြောင့်လုပ်လို့ရနေလဲဆိုတော့ လုပ်လို့ရနေလို့ပါခင်ဗျာ။

မတ်လကုန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်သူကို မိန့်ခွန်းပြောတော့ နောက်ဆက်တွဲအနေနဲ့ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အချို့ လက်မှတ်ထိုးပါတော့မယ်လို့ အခုပဲ သိရှိရကြောင်း ဝမ်းပန်းတသာ သတင်းစကား ပါးပါတယ်။ အတိုင်ပင်ခံကိုတော့ ဘယ်သူက သတင်းပို့တယ်မသိဘူးပေါ့။ နောက်ကျ အဲဒီသတသင်းက အပြည့်မမှန်ဘူး ဖြစ်ကရော၊ ခက်ပုံများ ပြောပါတယ်။ အနီးကပ်ဆုံးရန်သူကို ရှာပြီး ချေမှုန်းကြ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required