မကွေးတိုင်းအတွင်း ဆိုင်ကယ်မြို့ဝင်ကြေး ကောက်ခံမှု ဧပြီ ၁၁ရက်မှ စပြီး ရပ်ဆိုင်းမည်

မကွေးတိုင်းအတွင်း ဆိုင်ကယ်မြို့ဝင်ကြေး ကောက်ခံမှု ဧပြီ ၁၁ရက်မှ စပြီး ရပ်ဆိုင်းမည်

မကွေးတိုင်းအတွင်း မြို့များအားလုံးတွင် ဆိုင်ကယ်မြို့ဝင်ကြေး ကောက်ခံနေမှုကို ဧပြီလ(၁၁) ရက်နေ့မှ စ၍ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

မြို့ပေါ်ရှိဆိုင်ကယ်များအတွက် တစ်နှစ်စာ ဆိုင်ကယ်ဘီးခွန်(၂၀၀၀)ကျပ် အခွန် ပေးဆောင်ရမည်ဖြစ်ကြောင်း ယင်းကော်မတီ ဥက္ကဋ္ဌ ဦးအေးကျော်ကပြောသည်။

ယင်းကိစ္စကို လွှတ်တော်ကိုယ်စားလှယ် ၄၄ဦးကာ လက်မှတ်ရေးထိုးကာ အစိုးရအဖွဲ့ထံ တင်ပေးခဲ့ကာ ဧပြီ ၉ရက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်း အပါအဝင် တာဝန်ရှိသူများ ဆွေးနွေးဆုံးဖြတ်ကာ ညွှန်ကြားချက်ထုတ်ပြန်ရန် စီစဉ်နေကြောင်း ၎င်းက ဆက်ပြောသည်။

"အစိုးရအဖွဲ့ကနေ တရားဝင် ဆုံးဖြတ်ပြီးပါပြီ ညွှန်ကြားချက်လည်း ထွက်ပါပြီ။ ဒါပေမယ့် ရုံးပိတ်ရက် ဖြစ်နေလို့ မြို့နယ်တွေကို မရောက်သေးတာပါ။ ရုံးဖွင့်ရက်မှာ ညွှန်ကြားချက် ရောက်မှာပါဆိုပြီး သူညွှန်ကြားချက် ကျွန်တော့်ကို ပြပါတယ်။ တိုင်းစည်ပင် ယာယီညွှန်ကြားရေးမှူးကလည်း ဧပြီ(၁၁)ရက်နေ့မှာ တိုင်းအတွင်းရှိ(၂၅)မြို့နယ်အထိ ညွှန်ကြားချက်တွေ ရောက်ပါမယ်လို့ပြောပါတယ်" ဟု ဥက္ကဌ ဦးအေးကျော်က မဇ္ဈိမသို့ပြောသည်။

ယင်းသို့ ဆုံးဖြတ်မှုကို "ဖြစ်သင့်တာကြာပေါ့၊ ဆိုင်ကယ်ဘီးခွန် ကောက်နေတာကြောင့် ပြသနာပေါင်းစုံ ခဏခဏဖြစ်နေတယ်။ ဆိုင်ကယ်ဆိုတာ ပြည်သူအများအပြား စီးနင်းနေတာပါ အခုလိုဘီးခွန်မကောက်တော့ဘူးဆိုတော့ ဝမ်းပန်းတသာ ကြိုဆိုပါတယ်" ဟု မကွေးမြို့မှ အခြားမြို့များသို့ ဆိုကယ်ဖြင့် စျေးရောင်းချနေသော စျေးသည်တစ်ဦးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required