ဘုံရန်သူ အိုင်အက်စ်ကို ပူးပေါင်းဆန့်ကျင်တိုက်ဖျက်မှု ရယူရန် ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း အရှေ့တောင်အာရှ လေးနိုင်ငံ ခရီးစတင်

ဘုံရန်သူ အိုင်အက်စ်ကို ပူးပေါင်းဆန့်ကျင်တိုက်ဖျက်မှု ရယူရန် ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း အရှေ့တောင်အာရှ လေးနိုင်ငံ ခရီးစတင်
ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း။ ဓာတ်ပုံ-ရိုက်တာ

အိုင်အက်စ်အကြမ်းဖက်အုပ်စုကို ဆန့်ကျင်တိုက်ဖျက်ရာတွင် ထုနှင့်ထည်နှင့် ပူးပေါင်း ဆောင်ရွက်မှု ရယူရန်နှင့် ဒေသတွင်း ပွင့်ထွန်းဝေစည်နေသော စီးပွားရေးနိုင်ငံများနှင့် ကုန်သွယ်ရေး တိုးမြှင့်ရန် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းသည် ဇူလိုင် ၂၇ ရက်က အရှေ့တောင်အာရှ အလည်အပတ် ခရီးစဉ်ကို စတင်ခဲ့သည်။

စင်ကာပူ၊ ဗီယက်နမ်နှင့် မလေးရှား နိုင်ငံများသို့ မထွက်ခွာမီတွင် ကင်မရွန်းက လေးရက်တာ ခရီးစဉ်၏ ပထမဆုံး ရပ်နားရာအဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ ဦးစွာရောက်ရှိလာမည်ဖြစ်ပြီး ၎င်းနှင့်အတူ ဗြိတိသျှ စီးပွားရေးလုပ်ငန်းရှင် ၃၀ ဦး လည်း လိုက်ပါလာမည်ဖြစ်သည်။ ကင်မရွန်းမှာ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို၊ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်တို့နှင့် ၎င်း၏အခေါ်ဘုံရန်သူ အိုင်အက်စ် အစွန်းရောက် များအကြောင်း ဆွေးနွေးသွားမည်ဖြစ်သည်။

အိုင်အက်စ်အကြမ်းဖက်များမှာ အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေအများအပြားကို သိမ်းပိုက် ထားပြီး ရာပေါင်းများစွာသော ဗြိတိန်နိုင်ငံသား လူငယ်များမှာလည်း အိုင်အက်စ်အဖွဲ့ထဲသို့ တဖွဲဖွဲ ဝင်ရောက် လျက်ရှိနေသောကြောင့် ၎င်းတို့ မိခင်နိုင်ငံများသို့ ပြန်လည်ရောက်ရှိလာပါက တိုက်ခိုက်မှု များ ပြုလုပ်လာနိုင်၍ စိုးရိမ်သောကများ ထွက်ပေါ်လာနေလျက်ရှိသည်။

ကမ္ဘာ့မွတ်စလင် လူဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံမှာလည်း ကာလကြာမြင့်စွာကတည်းက အစွန်းရောက်ဝါဒနှင့် တိုက်ပွဲဝင်လာနေခဲ့ရပြီး ၎င်း၏ နိုင်ငံသား ၅၀၀ ကျော်ကို အိုင်အက်စ်တို့က စည်းရုံးသိမ်းသွင်းခဲ့သောကြောင့်လည်း စိုးရိမ်သောက ပွားနေခဲ့ရသည်။

မွတ်စလင်အများစုဖြစ်သည့် မလေးရှားနိုင်ငံသားများမှာလည်း အိုင်အက်စ်အစွန်းရောက်များ နှင့် ဆက်သွယ်ပူးပေါင်းလျက်ရှိသည်။ မေလက ရွေးကောက်ခံရပြီးနောက် ဥရောပပြင်ပ ပထမဆုံး ခရီးစဉ် မထွက်ခွာမီတွင် ကင်မရွန်းက အရှေ့တောင်အာရှ ခေါင်းဆောင်များကို ကမ္ဘာကြီး ရင်ဆိုင် နေရသည့် အကြီးမားဆုံး အန္တရာယ်အကြောင်း ပြောကြားမည်ဟု ကြိုတင်ဖွင့်ဟခဲ့သည်။

ပြည်တွင်း၊ ပြည်ပနှင့် အွန်လိုင်းပေါ်မှာရော ဘုံရန်သူကို ကမ္ဘာတစ်ဝန်းလုံးက နိုင်ငံများက စည်းစည်းလုံးလုံးဖြင့် ဆန့်ကျင်တိုက်ဖျက်မှသာ ယင်း ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက် သမားများကို အနိုင်ရလိမ့်မည်ဟု ကင်မရွန်းက ပြောကြားသည်။

လက်တွေ့အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ဗြိတိန်က အကြံပြုနိုင် သကဲ့သို့ အစွန်းရောက်ဝါဒကို မည်သို့မည်ပုံ ကိုင်တွယ်၍ ခန္တီတရားရှိသော လူ့ဘောင်ကို မည်သို့ တည်ဆောက် သည်ဆိုသည်နှင့် ပတ်သက်၍လည်း အင်ဒိုနီးရှားနှင့် မလေးရှားတို့ထံမှ သင်ယူနိုင် သည်ဟုလည်း ကင်မရွန်းက ထပ်လောင်းပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required