မဟာမုနိဘုရားကြီး ရွှေမိုက်ထုတ်ခြင်းကို မတ်လ နောက်ဆုံးအပတ်တွင် အပြီးသတ်ထုတ်လုပ်မည်

မဟာမုနိဘုရားကြီး ရွှေမိုက်ထုတ်ခြင်းကို မတ်လ နောက်ဆုံးအပတ်တွင် အပြီးသတ်ထုတ်လုပ်မည်

မတ်လ ၁၁ရက် ။ မန္တလေး၊             ။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီး ရွှေမိုက်ထုတ်လုပ်ငန်းကို ၂၀၁၇၊ ခုနှစ် မတ်လနောက်ဆုံးအပတ်တွင် အပြီးသတ်ထုတ်လုပ်မည်ဖြစ်ကြောင်း မိုက်သူကြီး ဦးအောင်မိုးက ပြောသည်။

"ရွှေမိုက်ဆိုသည်မှာ ရွှေစရွှေနတွေ ရှိနိုင်တဲ့အမှိုက်တွေ၊ ဖုန်မှုန့်မြေကြီးတွေကနေ ရွှေကို ထုတ်ယူတဲ့ နည်းပညာဖြစ်ပါတယ်။ ပန်းတိမ်လုပ်ငန်းတွေကလည်း ရွှေမိုုက်ပြန်ထုတ်တာရှိသလို ဘုရားတွေကနေ မိုက်ပြန်ထုတ်တာလည်း ရှိပါတယ်။ ရွှေမိုက်လုပ်ငန်းဟာ ပညာသားပါပြီး ခက်ခဲတာမို့ တချို့ဘုရားတွေမှာ မိုက်ထုတ်တာ မရှိကြဘူး။ ရွှေမိုက်လုပ်ငန်းကို မန္တလေးမှာ အကြီးကျယ်ဆုံး လုပ်တာကတော့ မဟာမုနိဘုရားကြီးမှာပဲ ရှိတယ်။ ရွှေမိုက်လုပ်ငန်းမှာ လူ (၁၀)ယောက် ၊အယောက်(၂၀)လောက် လိုပြီး လုပ်သားတွေကို ကြီးကြပ်ရသူကိုတော့ မိုက်သူကြီးလို့ ခေါ်ပါတယ်။
မဟာမုနိဘုရားကြီးမှာတော့ ရွှေမိုက်လုပ်ငန်းကို ဆောင်းအကုန် နွေအကူး တပို့တွဲ-တပေါင်းလ လောက်မှာ လုပ်လေ့ရှိပြီး ဒီအချိန်က လုပ်ကိုင်အကောင်းဆုံးအချိန်ဖြစ်တယ်” ဟု မိုက်သူကြီး ဦးအောင်မိုးက ပြောသည်။

"ရွှေမိုက်ထုတ်ဖို့ အမှိုက်ကုန်ကြမ်းတွေကတော့ ရွှေလောင်စက္ကူ၊ ဖိဂွမ်း၊ ကော်ဇော၊ သစ်စေးလုံး၊ လက်သုတ်ပဝါ၊ မျက်နှာကြက်တော် လှည်းကျင်းရာက ရတဲ့ အထက်ရွှေမှုန့်၊ ပလ္လင်တော်အောက် လှည်းကျင်းရာက ရတဲ့ အောက်မြေမှုန့်၊ ခြေသုတ်ဝတ် တွေနဲ့ ရွှေသင်္ကန်းကပ်ချိန်မှာ ထိတွေ့ခဲ့တဲ့ အရာမှန်သမျှအားလုံး ရွှေမှုန်ရွှေစလေးတွေ ကပ်ကျန်တတ်တာမို့ ဒီပစ္စည်းတွေ အားလုံးကနေ ရွှေမိုက် ပြန်ထုတ်လို့ ရပါတယ်။ (၁၄)ကြိမ်မြောက် ထုတ်တာ ရွှေ(၅)ပိဿကျော် ရရှိနေပါပြီ၊ မိုက်ထုတ်တာ အကြိမ်ရေ(၁၀)ကျော် ထုတ်ဖို့ ကျန်နေပါသေးတယ်၊ မိုက်ထုတ်ရတဲ့   ရွှေတွေကို ရွှေလှော်ပြီး သန့်စင်တဲ့ ရွှေတုံးတွေဖြစ်အောင် ဆက်လုပ်ရဦးမှာပါ၊ မိုက်ထုတ်တာကို နောက်ထပ် (၂)ပတ်အတွင်း အပြီးသတ်လုပ်သွားမှာပါ '' ဟု ၎င်းက ပြောသည်။
မဟာမုနိဘုရားကြီး (၆၇)ကြိမ်မြောက် ရွှေမိုက်ထုတ်ခြင်းကို ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီ ရ ရက်မှစတင်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မတ်လဒုတိယအပတ်အတွင် ရွှေ ၅ ပိဿကျော် ရရှိထားသည်။ ၂၀၁၆ ခုနှစ် (၆၆)ကြိမ်မြောက် ရွှေမိုက်ထုတ်လုပ်ငန်းမှာ ရွှေ ရ ပိဿာ ၂၅ ကျပ်သား ရရှိခဲ့ပြီး ယခုနှစ်တွင် ယခင်ထက် ပိုသော ရွှေရရှိမည်ဟု ခန့်မှန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required