ငြိမ်းချမ်းရေး ဝှီးချဲအဖွဲ့ ဖြတ်သန်းရာမြို့တစ်လျှာက် လူမှုကူညီရေးအသင်း ၁၀၀ ကျော်က ကူညီပေးမည်

ငြိမ်းချမ်းရေး ဝှီးချဲအဖွဲ့ ဖြတ်သန်းရာမြို့တစ်လျှာက် လူမှုကူညီရေးအသင်း ၁၀၀ ကျော်က ကူညီပေးမည်
(ဓာတ်ပုံ၊ပရဟိတမင်းဂေါင်)

မန္တလေး၊ဖေဖော်ဝါရီ ၂၂ ။           ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်ထွက်ခွာခဲ့သည့် ငြိမ်းချမ်းရေးတွဲလက်များဟု အမည်ပေးထားသည့် ဝှီးချဲအဖွဲ့သည် မန္တလေးမြို့သို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ရောက်ရှိလာမည်ဟု ကလျာဏမိတ္တလူမှုကူညီရေးအသင်း(အိုးဘို)ဥက္ကဋ္ဌ ဦးခင်မောင်တင့်က မဇ္ဈိမ ကို ပြောသည်။

အဆိုပါအဖွဲ့သည် ယနေ့ညတွင် လက်ပံလှကျေးရွာ၌ ညအိပ်ရပ်နားမှာဖြစ်ပြီး ထိုမှနံနက် ၇ နာရီတွင် မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့အဖွဲ့ ခရီစဉ်တစ်လျှောက် ရပ်နားသည့်နေရာများတွင် သီဆိုဖျော်ဖြေမှုများနှင့်ငြိမ်းချမ်းရေးအကြောင်း ဟောပြောမှုများလည်း ပြုလုပ်ကြောင်းသိရသည်။

လက်ပံလှမှ မန္တလေးမြို့သို့ ထွက်ခွာရာလမ်းတစ်လျှောက်တွင် မန္တလေး၊ စဉ့်ကူး၊ မတ္တရာ၊ ပုသိမ်ကြီးမြို့တို့မှ ပရဟိတလူမှုကူညီရေးအသင်းပေါင်း ၁၀၀ ကျော်က ကြိုဆိုမှုများပြုလုပ်ကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဟု ဦးခင်မောင်တင့်က ဆိုသည်။

မြန်မာနိုင်ငံတွင် ပစ်ခတ်တိုက်ခိုက်မှုများ အဆုံးသတ်ကာ ငြိမ်းချမ်းရေးအမြန်ဆုံး ရရှိစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့ပေါင်း ၁၄ မြို့ကို ဖြတ်သန်းပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နေပြည်တော်၌ ခရီးစဉ်အဆုံးသတ်မည် ဖြစ်ကြောင်းသိရသည်။

အဆိုပါအဖွဲ့တွင် ဝှီးချဲဖြင့် ကိုယ်လက်မသန်စွမ်း ၁၀ ဦး၊ တေးဂီတဖြင့် ဖျော်ဖြေမည့် အမြင်အာရုံချို့တဲ့သူ ၁၀ ဦး၊ ငြိမ်းချမ်းရေးအကြောင်း တင်ပြဟောပြောမည့် မသန်စွမ်း ၇ ဦးနှင့် အုပ်ချုပ်သူများ ၊ငြိမ်းချမ်းရေးကို မြတ်နိုးသည့် အနုပညာရှင်များလည်း ပါဝင်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly