ကင်မ်ဂျံုနမ်ကိစ္စကြောင့် မြောက်ကိုရီးယားနှင့် မလေးရှား ဆက်ဆံရေး တင်းမာနေလျက်ရှိ

ကင်မ်ဂျံုနမ်ကိစ္စကြောင့် မြောက်ကိုရီးယားနှင့် မလေးရှား ဆက်ဆံရေး တင်းမာနေလျက်ရှိ

ဖေဖော်ဝါရီ ၂၁ ။           ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ဖအေတူ မအေကွဲ အစ်ကို ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ မလေးရှားအစိုးရ၏ ကိုင်တွယ်စုံစမ်းစစ်ဆေးနေပုံတို့ကို ပြုံယမ်းအစိုးရဘက်က ထုတ်ဖော်ပြစ်တင်သွားသည်။

တစ်ချိန်တည်းတွင်လည်း ကွာလာလမ်ပူလေဆိပ်၌ ကင်မ်ဂျုံနမ် လုပ်ကြံခံလိုက်ရပုံ ပါဝင်သော ရုပ်သံတစ်ခုလည်း ထွက်ရှိလာခဲ့သည်။

လက်ရှိအချိန်တွင် ဖြစ်စဉ်နှင့်ပတ်သက်၍ မြောက်ကိုရီးယားငါးဦးကို လိုက်လံရှာဖွေနေလျက်ရှိကြောင်း မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြောထားသည်။

သို့သော် ယင်းစုံစမ်းစစ်ဆေးနေမှုအခြေအနေများနှင့်ပတ်သက်၍ မိမိတို့ဘက်က အယုံအကြည်မရှိကြောင်းနှင့်  ကွာလာလမ်ပူ အစိုးရအနေဖြင့် ယခု စစ်ဆေးမှုတွင် ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်နေခဲ့ကြောင်း မြောက်ကိုရီးယားတို့က စွပ်စွဲလိုက်သည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်ကမူ မလေးရှားအစိုးရက ပြုံယမ်းရှိ ၎င်းတို့၏ သံအမတ်ကို ပြန်ခေါ်လိုက်သကဲ့သို့ ကွာလာလမ်ပူရှိ မြောက်ကိုရီးယားသံအမတ်ကိုလည်း ပြစ်တင်ရန် ဆင့်ခေါ်ခဲ့သည့် အချိန်တွင်မူ နှစ်နိုင်ငံ သံတမန် ဆက်ဆံမှုပိုင်း ပိုမို တင်းမာသွားခဲ့သည်။

အလားတူ ဆင့်ခေါ်ခံရသည့် မြောက်ကိုရီးယားသံအမတ်ကလည်း မလေးရှားအစိုးရကို ငြိမ်မခံဘဲ ပြန်ပက်သွားခဲ့သည်ဟု သိရသည်။

" ခုဆိုရင် ဒီဖြစ်စဉ် ဖြစ်တာတစ်ပတ်လောက်တောင် ရှိသွားပြီ၊ ဘယ်မှာလဲ သက်သေအထောက်အထား၊ ဒါနဲ့ပတ်သက်ပြီး ခုထိ ရှင်းရှင်းလင်းလင်းကို အဖြေမရှာနိုင်သေးဘူး၊ ဒါကြောင့်   လောလောဆယ်တော့ မလေးရဲတပ်ဖွဲ့ရဲ့ စုံစမ်းမှုကို ကျွန်တော်တို့ဘက်ကတော့ အယုံအကြည် မရှိဘူးလို့ပဲ ပြောချင်ပါတယ်" ဟု ကွာလာလမ်ပူဆိုင်ရာ မြောက်ကိုရီးယားသံအမတ် Kang Chol က ပြောသွားသည်။

ယနေ့ ဖေဖော်ဝါရီ ၂၁ ရက် အစောပိုင်းကလည်း မလေးရှားရှိ ကင်မ်ဂျုံနမ် အလောင်းထားရာ ဆေးရုံအဆောက်အအုံသို့ နံပါတ်မပါ ယာဉ်တန်းတစ်ခု မလေးရှားလုံခြုံရေး အစောင့်အကြပ်များဖြင့်   ရောက်ရှိလာခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ယာဉ်အများစု ပြန်ထွက်သွားခဲ့သည်ဟုလည်း သိရသည်။

ပြုံယမ်းအစိုးရအနေဖြင့် ဖြစ်စဉ်နှင့်ပတ်သက်၍ အတုအယောင်အလိမ်အလည်သတင်းများကို ယုံပြီး မိမိတို့ကို စောဒကတက် ပြစ်တင်နေကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက အစောပိုင်းရက်များ အတွင်းက ပြစ်တင်ပြောဆိုထားသည်။ ယခုစုံစမ်းစစ်ဆေးမှု၏နောက်ကွယ်တွင် နိုင်ငံရေး ရည်ရွယ်ချက်ရှိနေပုံရကြောင်း  ပြုံယမ်းဘက်က ပြောဆိုဝေဖန်နေမှုများမှာလည်း မိမိတို့ မလေးရှားအစိုးရကို   စောကားလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

ကင်မ်ဂျုံနမ် အလောင်းကို မိမိတို့ထံမှ ခွင့်ပြုချက်မတောင်းဘဲ ခွဲစိတ်စစ်ဆေးထားခဲ့သည်ဟုလည်း ပြုံယမ်းဘက်က မလေးရှားအစိုးရကို ဝေဖန်ထားခဲ့သေးသည်။

သို့သော် မလေးရှားမြေပေါ်တွင် ဖြစ်ခဲ့သည့် ယင်းသေဆုံးမှုဖြစ်စဉ်ကို အထူးအလေးထား စေ့စေ့စပ်စပ် စုံစမ်းဖော်ထုတ်ရန်မှာ မိမိတို့အစိုးရ၏ တာဝန်သာဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြန်လည်ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required