ညောင်ချောင်းသာလာရောက်သူများ အန္တရာယ် မရှိအောင် နေရာပြောင်းဖွင့်လှစ်

ညောင်ချောင်းသာလာရောက်သူများ အန္တရာယ် မရှိအောင် နေရာပြောင်းဖွင့်လှစ်

ညောင်တုန်း၊ ဖေဖော်ဝါရီ ၇ ။             ။ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ညောင်ချောင်းသာကို ဧရာဝတီတံတားနှင့် ဗိုလ်မြတ်ထွန်းတံတား အနီးတွင်  ပြောင်းရွှေ့ထားပြီး ဖေဖော်ဝါရီလ၈ရက် ညနေတွင် စတင်ဖွင့်လှစ်မည်ဟု ညောင်တုန်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်နီနီမိုးက မဇ္ဈိမသို့ပြောသည်။

"မနှစ်ကအထိ ဖွင့်ခဲ့တဲ့ညောင်ချောင်းသာနေရာက အန္တရာယ်အရမ်းများပါတယ်။ လူအသေအပျောက်တွေများခဲ့လို့ ပိတ်လိုက်ပြီး အခုနေရာ လွန်သောင်မှာ ပြောင်းဖွင့်ခဲ့တာပါ။ လုံခြုံရေးအတွက် စည်ပင်က ငါးဦး၊ မီးသတ်ဝန်ထမ်းနှစ်ဦး၊ ရဲတပ်ဖွဲ့ တပ်စိပ်တစ်စိပ် ချထားပြီး နေ့တိုင်းတာဝန်ယူစီစဉ်ဆောင်ရွက်နေပါတယ်” ဟု ညောင်တုန်းမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်နီနီမိုးက ပြောင်းရွှေ့ဖွင့်လှစ်မှု လုံခြုံရေးအတွက် စီစဉ်ထားမှုအားပြောသည်။

ကမ်းခြေသာယာလှပရေးအတွက် သန့်ရှင်းရေးဝန်ထမ်းတွေကို သတ်မှတ်ကြေးနဲ့စီစဉ်ထားကြောင့်၊ ညောင်ချောင်းသာကမ်းခြေအား မိုးမကျခင် ရေမတက်ခင် သောင်ပေါ်နေသမျှ ဖွင့်လှစ်ထားပြီး မေလအထိ သတ်မှတ်ထားသည်ဟု သိရသည်။

"အခုနေက နှစ်မိုင်လောက်ရှိတဲ့ သောင်ခုံရယ်၊ ရေထဲကို ပေသုံးရာလောက်အထိဆင်းမှ ပေါင်ရင်းလောက်အထိပဲရှိတဲ့ ညောင်ချောင်းသာကို ကျွန်မတို့ ညောင်တုန်းမြို့ရဲ့ အမှတ်၁လမ်းအတိုင်း ဆင်းလာရင်ရတယ်”ဟု ကိုယ်စားလှယ်ဒေါ်နီနီမိုးကရှင်းပြသည်။

ညောင်တုန်းမြို့နယ်၊ ညောင်ချောင်းသာကြောင့် စည်ပင်အခွန်ငွေသိန်းတစ်ထောင်တစ်ရာကျော်ရရှိကြောင်း ရရှိအခွန်ငွေများအား ညောင်တုန်းမြို့နယ်အတွက် ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်းလည်း တိုင်းကိုယ်စားလှယ်ပြောသည်။

"ဒီနှစ် ညောင်ချောင်းသာကို စည်ပင်ကော်မတီပေးလိုက်တယ်။ တံတားတို့ ကားနဲ့သွားရမယ့်နေရာတို့အတွက် လေလံခေါ်လိုက်တာ သိန်းရှစ်ရာနှစ်ဆယ်ငါးသိန်းနဲ့ လေလံအောင်သွားတယ်။ ဆိုင်ခန်း ခြောက်ဆယ်ကို တစ်ခန်းငါးသိန်း၊ ဆိုင်ခန်းလျှောက်လွှာတစ်စောင်ကို တစ်သောင်း လျှောက်လွှာလေးရာကျော်တင်ပါတယ်”ဟု ဒေါ်နီနီမိုး ညောင်တုန်းမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်က မဇ္ဈိမသို့ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများအဖြစ် ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ၊ ဂေါ်ရင်ဂျီနှင့် ညောင်ချောင်းသာရေချိုးဆိပ်တို့မှာ နာမည်ကြီး အပန်းဖြေစခန်းများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required